


(ပြည်တွင်း) ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ရေနံရပ်ကွက်ရှိ အမှတ်(၁) ရေနံချက်စက်ရုံဝင်းအတွင်း ဩဂုတ်လ ၁၀ ရက် ညနေပိုင်းက စက်ကန် (ရေလှောင်ကန်) တာပေါက်မှုဖြစ်ပွားခဲ့သော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အချိန်မီ ဝိုင်းဝန်းပိတ်ဆို့မှုကြောင့် စိုးရိမ်ဖွယ်ရာမရှိဘဲ လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
ဖြစ်စဉ်မှာ အကျယ်အဝန်း ၃ ဧကခန့်ရှိသော ရေနံစက်ကန်၏ အနောက်ဘက် ကန်ပေါင်ဘေးတွင် အကျယ် ၄ ပေခန့်ရှိ တာဘောင် ပေါက်ထွက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ တာပေါက်မှုကြောင့် ကန်အနီးရှိ ပြည်သူများ၏ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုမရှိစေရန်အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက အင်တိုက်အားတိုက် ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် သဲအိတ်များ၊ သစ်သားတိုင်များနှင့် လိုအပ်သော စက်ယန္တရားကြီးများ အသုံးပြု၍ ရေကန်ပြုပြင်ထိန်းသိမ်းရေးနှင့် တာဘောင်ပြန်လည်ပိတ်ဆို့ကာရံခြင်းလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ခဲ့သဖြင့် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ တာပေါက်မှုဖြစ်ပွားရာလုပ်ငန်းခွင်သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးကာကွယ်ရေးအတွက် နေ့ညမနား ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေကြသည့် ပူးပေါင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းလည်း သိရှိရသည်။