NCA အခြေခံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်ရေးအတွက် နေပြည်တော်တွင် ဆွေးနွေးပွဲ ဒုတိယနေ့ကျင်းပ

(ပြည်တွင်း) ဇွန် ၂၂

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး ခိုင်မာစေရန်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး ရည်မှန်းချက်များဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက်စေရန်နှင့် ရရှိပြီးသား ဆွေးနွေးမှုရလဒ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများ ရှာဖွေရန် ရည်ရွယ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲ ဒုတိယနေ့ကို ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များအပြင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ယင်းတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့မှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြသည်။ဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)က NCA ၏ အနှစ်သာရနှင့် အောင်မြင်မှုများကို အခြေခံသည့် ပိုမိုပါဝင်နိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မူဘောင်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး ပထမနေ့မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့် အကြောင်းအရာများကို ဆက်လက် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းမှုများမှ ရရှိသော အချက်များအရ NCA အခြေခံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဖော်ဆောင်ရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ ပါဝင်သင့်သူများအားလုံး ပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးတို့ကို အဓိက ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အခြေပြုရာဒေသများတွင် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချိတ်ဆက်အကောင်အထည်ဖော်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ပြည်သူလူထုအခြေပြု ဆွေးနွေးပွဲများနှင့် ဖိုရမ်များ ကျင်းပရာတွင် NCA-S EAO များ ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်တွင်းနှင့် ပြည်ပ နည်းပညာအကူအညီများ ရယူရေးနှင့် အလွတ်သဘောတွေ့ဆုံမှုများ၊ နှစ်ဖက်ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရေးတို့ကိုလည်း အဓိက ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က နှစ်ရက်တာ ဆွေးနွေးချက်များအပေါ် အခြေခံ၍ NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဖော်ဆောင်ရေး၊ ယုံကြည်မှုတည်ဆောက်ရေးနှင့် NCA လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့အစည်းများနှင့် ပြန်လည်ပါဝင်လာနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

နောက်ဆုံးတွင် နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းမှုများမှ သဘောထားစုစည်းချက်များအား မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ကြပြီး RCSS ကိုယ်စားလှယ်ခေါင်းဆောင်နှင့် ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌတို့က နိဂုံးချုပ် အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN