ပခုက္ကူမြို့နယ်ရှိ ၁၃၂ ကေဗွီ ဓာတ်အားလိုင်း မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် မြို့နယ်များတွင် လျှပ်စစ်မီးပြတ်တောက်

(ပြည်တွင်း) ဇူလိုင် ၂၀

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပေါင်လောင်ကန်ရွာအနီးရှိ ၁၃၂ ကေဗွီ မဟာဓာတ်အားလိုင်းတိုင်အမှတ် (၃၃၈) ကို ဇူလိုင် ၁၉ ရက် ည ၇ နာရီခွဲခန့်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ပခုက္ကူ၊ ရေစကြို၊ မြိုင်နှင့် ကမ္မမြို့များသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးလိုင်းများ ပြတ်တောက်သွားခဲ့ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ ၁၃၂ ကေဗွီ ဓာတ်အားပေးကွန်ရက်စနစ်၏ တည်ငြိမ်မှုကိုလည်း ထိခိုက်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဒေသအချို့တွင် ဗို့အားကျဆင်းခြင်းနှင့် ရံဖန်ရံခါ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသည်။

မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပျက်စီးခဲ့သည့် ဓာတ်အားလိုင်းတိုင်နေရာသို့ နယ်မြေလုံခြုံရေးအဖွဲ့များနှင့်အတူ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများ သွားရောက်ကာ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ လျှပ်စစ်ဝန်ထမ်းများအနေဖြင့် ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသော်လည်း လမ်းကြောင်းတစ်လျှောက် လုံခြုံရေးအခြေအနေများကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် ဒေသလုံခြုံရေးတိုးမြှင့်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram – t.me/positiveanglenews