သေနတ်ပစ်ဖောက်ပြီး မီလျံနာရွှေဆိုင် လုယက်ခံရ၊ ရွှေထည်ပစ္စည်းများ ၁ပိဿာခန့် ပါသွား

(မှုခင်း) ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး ၊ချမ်းမြသာစည်မြို့နယ်၊မြို့သစ်( ၃)ရပ်ကွက်၊၁၁၀လမ်း၊၆၂×၆၃ လမ်းကြားရှိ မီလျံနာရွှေဆိုင်အား ဓမြတိုက်လုယက်ခံရကြောင်း သိရသည်။

မွန်းလွဲ၃နာရီခွဲအချိန်ခန့်က ချမ်းမြသာစည်မြို့နယ်၊မြို့သစ်( ၃)ရပ်ကွက်၊၁၁၀လမ်း၊၆၂×၆၃ လမ်းကြားရှိ ဦးချစ်ကို၊၅၅နှစ်၊(ဘ)ဦးစံဖေ ပိုင်ဆိုင်သည့် မီလျံနာရွှေဆိုင်သို့ ဆိုင်ကယ်( ၃)စီး၊လူ( ၆)ဦး မှ ဆိုင်အရှေ့ဘက်၊၆၂လမ်းဘက်မှ ၁၁၀ မနော်ဟရီလမ်းအတိုင်း ရောက်ရှိလာပြီး သေနတ်အတို ၁ လက်ဖြင့် သေနတ် ၁ချက် ပစ်ဖောက်ကာ ဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

၎င်းနောက် ဆိုင်အတွင်းရှိ ရွှေကောင်တာ ၈ ခုအနက် ဆွဲကြိုး၊လက်ကောက်၊ဟန်းချိန်း ထည့်ထားသော ကောင်တာ ၂ ခု၏မှန်အား ပုဆိန်ဖြင့်ထုခွဲကာ ကောင်တာအတွင်းရှိ ရွှေဆွဲကြိုး(၁၅ပဲရည်) ၉၄ကုံး၊( ၈၀)ကျပ်သားခန့်၊ ကာလတန်ဖိုး(၅၅၂၀)သိန်းကျပ်ခန့်၊ရွှေဟန်းချိန်း( ၁၅ပဲရည်) ၄၆ကွင်း၊( ၁၅)ကျပ်သားခန့်၊ကာလတန်ဖိုးသိန်း (၁၀၃၅)ကျပ်ခန့်နှင့် ရွှေလက်ကောက်( ၁၅ပဲရည်) ၁၇ကွင်း၊( ၅)ကျပ်သားခန့် ကာလတန်ဖိုးသိန်း( ၄၀၀)ကျပ်ခန့်၊ စုစုပေါင်း ရွှေချိန်( ၁)ပိသာခန့်၊ကာလတန်ဖိုး သိန်း( ၆၉၅၅)ကျပ်ခန့်အား လုယက်ယူဆောင်သွားခဲ့ပြီး ၁၁၀( မနော်ဟရီ)လမ်းအတိုင်း အနောက်ဖက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ ရောက်ရှိစစ်ဆေးခဲ့ပြီး တရားခံများအား ဖမ်းဆီးရမိရေး CCTV မှတ်တမ်းကြည့်ရှုစစ်ဆေးခြင်း၊နယ်မြေအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN