
(နိုင်ငံတကာ) ဇူလိုင် ၁၇
အမေရိကန်ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်သည် အမေရိကန်၏ အနီးကပ်ဆုံး မဟာမိတ်နိုင်ငံဖြစ်သည့် အစ္စရေးကို အံ့အားသင့်ဖွယ် ပြင်းထန်စွာ ဝေဖန်လိုက်သည်။ အစ္စရေးအစိုးရအဖွဲ့ဝင် အချို့သည် အီရန်နှင့် စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းနေသည့် အမေရိကန်၏ သံတမန်ရေးရာ ကြိုး ပမ်းချက်များကို ပျက်ပြားသွားစေရန် အမေရိကန်ပြည်သူ လူထု၏ သဘောထားကို လွှမ်း မိုးလှည့်ဖြားနေကြောင်း ၎င်းက စွပ်စွဲလိုက်သည်။
နာမည်ကြီး ပေါ့ဒ်ကတ်တင်ဆက်သူ ဂျိုး ရိုဂန်နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဗန့်စ်က အမေရိကန်အစိုးရသည် အီရန်နှင့် စစ် ပွဲကို အဆုံးသတ်ရန် ပြီးခဲ့သည့်လက သဘောတူညီချက်တစ်ခု ရရှိထားကြောင်း၊ သို့သော် အစ္စရေးဘက်က စစ်ပွဲကို ဆက်လက်ဖြစ်ပွားစေလိုသဖြင့် အဆိုပါမူဝါဒကို ပြောင်းလဲရန် လျှို့ဝှက်စွာ စည်းရုံးလှုံ့ဆော်နေကြောင်း ပြောကြားခဲ့သည်။
“စစ်ပွဲကို အဆုံးမသတ်ဘဲ ဆက်လက်ဖြစ်ပွားစေဖို့အတွက် အမေရိကန် ပြည်သူတွေရဲ့ သဘောထားကို ပုံဖျက်ပြီး ပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့သူတွေ သူတို့ရဲ့ စနစ်ထဲမှာ ရှိနေတယ်ဆိုတာ ကျွန်တော် အသေအချာ သိရှိထားပါတယ်” ဟု ဗန့်စ်က ဆိုသည်။
ထို့ပြင် အစ္စရေးဘက်က အမေရိကန်၏ အမြင်ကို လွှမ်းမိုးရန်အတွက် ထရမ့်၏ မဲဆွယ်စည်းရုံးရေး မန်နေဂျာဟောင်းတစ်ဦးကို ငှားရမ်းကာ ဒစ်ဂျစ်တယ် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်နေကြောင်းလည်း ၎င်းက Time မဂ္ဂဇင်း၏ အစီရင်ခံစာကို ကိုးကား၍ ထောက်ပြခဲ့သည်။
ဗန့်စ်၏ ပြောကြားချက်မှာ အမေရိကန်နှင့် အစ္စရေးအကြား ဆက်ဆံရေး အက်ကွဲကြောင်း ပိုမိုကြီးမားလာသည်ကို ပြသနေ သည်။ အမေရိကန်အစိုးရ၏ အီရန်မူဝါဒကို ပျက်ပြားစေရန် အစ္စရေးက ငွေကြေးအမြောက်အမြားသုံး၍ လုပ်ဆောင်နေခြင်းသည် အမေရိကန်၏ နိုင်ငံရေး ဆုံးဖြတ်ချက်များကို ထိခိုက် စေသည်ဟု ၎င်းက ဆိုသည်။ အစ္စရေး၏ လွှမ်းမိုးမှုသာ မရှိပါက အမေရိကန်သည် အီရန်နှင့် ယခုကဲ့သို့ စစ်ပွဲမျိုး ဖြစ်ပွားလိမ့်မည်မဟုတ်ကြောင်းလည်း ဗန့်စ်က ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
အစ္စရေး သံတမန်ဟောင်း အလွန် ပင်ကတ်စ်က ဗန့်စ်၏ ပြောဆိုချက်များသည် “စံချိန်တင်ဖြစ်ရပ်” ဖြစ်ပြီး အမေရိကန် ဒုသမ္မတတစ်ဦးအနေဖြင့် မဟာမိတ်နိုင်ငံကို ယခုကဲ့သို့ ပြင်းထန်စွာ စွပ်စွဲခြင်းမှာ “အလွန်တုန်လှုပ်စရာကောင်းပြီး မကြားဖူးသေးသည့် အခြေအနေဖြစ်သည်” ဟု မှတ်ချက်ပြုသည်။ လက်ရှိတွင် အစ္စရေးအစိုးရဘက်ကမူ ဗန့်စ်၏ စွပ်စွဲချက်များနှင့် ပတ် သက်၍ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။
Telegram»… https://t.me/positiveanglenews
#PAN