(မှုခင်း) ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပြည်သူ့ဝန်ထမ်းအယောင်ဆောင်၍ စက်သုံးဆီအရောင်းဆိုင်များကို ခြောက်လှန့်ကာ ငွေကြေးတောင်းယူခဲ့သည်ဟုဆိုသူ အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၇ ရက် နံနက်ပိုင်းက ခမောက်မော်ကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင် ၃ ဆိုင်သို့ လူလတ်ပိုင်းအမျိုးသားတစ်ဦးက ဆိုင်ကယ်ကယ်ရီဖြင့် သွားရောက်ကာ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူဖြစ်ကြောင်း အယောင်ဆောင်ပြီး ဆိုင်များကို ဖမ်းဆီးနိုင်ကြောင်း၊ ငွေမပေးပါက အရေးယူထောင်ချမည်ဟု ပြောဆို၍ ငွေကြေးတောင်းခံခဲ့ကြောင်း သိရသည်။
ယင်းကြောင့် ဆိုင် ၃ ဆိုင်မှ စုစုပေါင်း ငွေကျပ် ၁၁၀,၀၀၀ ကို ပေးအပ်ခဲ့ရကြောင်း သိရသည်။
ဆိုင်ရှင်များ၏ တိုင်ကြားချက်အရ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က စုံစမ်းရှာဖွေခဲ့ရာ ဟိုင်းကြီးကျွန်းမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်အတွင်း အသက် ၂၅ နှစ်အရွယ် ရဲမင်းကို (ခ) မှုံကြီးကို တွေ့ရှိဖမ်းဆီးခဲ့ကြောင်း သိရသည်။
စစ်ဆေးမှုများအရ ၎င်းသည် ယခင်ကသိကျွမ်းခဲ့သည့် ဆိုင်ကယ်ကယ်ရီမောင်းသူ၏ အကူအညီဖြင့် ကျေးရွာသို့သွားရောက်ပြီး ပြည်သူ့ဝန်ထမ်းအယောင်ဆောင်ကာ ငွေတောင်းယူခဲ့ကြောင်း ထွက်ဆိုထားသည်ဟု သိရသည်။
လက်ရှိတွင် ဒုရဲအုပ် ရဲထက်အောင်၏ တိုင်တန်းချက်ဖြင့် ဟိုင်းကြီးကျွန်းမြို့နယ်မြေရဲစခန်း၌ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိသူအား ဥပဒေအရ ဆက်လက်စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN