(နိုင်ငံတကာ) ဇူလိုင် ၆
ဩစတြေးလျနိုင်ငံကို ဘိန်းဖြူသယ်ယူပို့ဆောင်ဖို့ ကြိုးပမ်းခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ထိုင်းလေယာဉ်မယ်ရဲ့ အမှုက အဆိုပါ ဘိန်းဖြူးတွေဟာ မြန်မာနိုင်ငံရဲ့ မူးယစ်ဂိုဏ်းတစ်ခုက လာတာဖြစ်လာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ဩစတြေးလျနိုင်ငံ၊ မဲဘုန်းလေဆိပ်မှာ ဘိန်ဖြူတွေ တွေ့ရှိခဲ့လို့ ထိုင်းလေယာဉ်မယ်တစ်ဦးကို ဩစတြေးလျရဲတွေက ဖမ်းဆီးထိန်းသိမ်းပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ့ မဲလ်ဘုန်းမြို့ကို ပျံသန်းလာတဲ့ ထိုင်းနိုင်ငံပိုင် ကြောင်းလိုင်းဖြစ်ပြီး ဖမ်းဆီးခံရသူမှာ အဆိုပါလေကြောင်းလိုင်းက မီနာလို့ ခေါ်တဲ့ အသက် ၂၆ နှစ်အရွယ် လေယာဉ်မယ်လေးတစ်ဦးဖြစ်ပါတယ်။
မီနာရဲ့ အိတ်အတွင်းက ကာလတန်ဖိုး ဩစတြေးလျဒေါ်လာ ၅ သိန်း (အမေရိကန်ဒေါ်လာ ၃ သိန်း ၄ သောင်းကျော်) တန်ဖိုးရှိတဲ့ ဟီးရိုးအင်း ဘိန်းဖြူ ၁ ကီလိုဂရမ်ကျော်ကို ဩစတြေးလျ လုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
ရိုးရာ OTOP ဆင်ရုပ်တွေပါတဲ့ အထည်အိတ်တွေရဲ့ အတွင်းဘက် အထည်သားလိုင်နာထဲကို ဘိန်းဖြူမှုန့်တွေကို အရည်ဖျော်ကပ်ပြီး လေစုပ်စက်နဲ့ သေသေချာချာ ဆွဲပိတ်ကာ ဝှက်လာတာဖြစ်တယ် သိရပြီး အဆိုပါအထည်အိတ်တွေကို ဩစတြေးလျကို သယ်ပေးရန် ကမ်းလှမ်းခဲ့ပြီး သံသယ မဝင်စေဖို့အတွက် သယ်ခအဖြစ် ထိုင်းဘတ်ငွေ ၈,၈၀၀ သာ ပေးခဲ့တာဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရတာ ဖြစ်ပါတယ်။ထိုဖမ်းဆီးမှုအပေါ် မီနာဟာ ဒီပစ္စည်းတွေကို ဘိန်းဖြူမှန်းမသိခဲ့ဘဲ သယ်ဆောင်ခဲ့မိတာလို့ ထိုင်းရဲတပ်ဖွဲ့က ယုံကြည်နေခဲ့ကြတာဖြစ်ပြီး မူးယစ်ဆေးဝါးလာတဲ့ အရင်းအမြစ်၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းနဲ့ ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ကြတာလည်း ဖြစ်ပါတယ်။
အဲဒီနောက် သိမ်းဆည်း ရမိခဲ့တဲ့ ဘိန်းဖြူတွေဟာ မြန်မာနိုင်ငံရဲ့ မူးယစ်ဂိုဏ်းတစ်ခုကနေ ထုတ်လုပ်ခဲ့တာဖြစ်သလို လာအိုနိုင်ငံကို ဖြတ်သန်းကာ ထိုင်းနိုင်ငံ မြောက်ပိုင်းကို သယ်ဆောင်လာခဲ့တာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ထိုဘိန်းဖြူတွေဟာ မြန်မာနိုင်ငံမှာ ထုတ်လုပ်ခဲ့ပြီး လာအိုကနေတစ်ဆင့် ထိုင်းမြောက်ပိုင်း ချင်းခန်ခရိုင်ထဲကို ဝင်ရောက်လာခဲ့တာဖြစ်ကြောင်း၊ မူးယစ်ဂိုဏ်းတွေဟာ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေကို ရှောင်ရှားနိုင်ဖို့ လာအိုလမ်းကြောင်းကို အသုံးပြုခဲ့တာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးချက်တွေအရ ထိုင်းမူးယစ်ဗျူရိုရဲ့ ဒုတိယအကြီးအကဲဖြစ်တဲ့ ဆွန်ဘွန်းရဲ့ ပြောဆိုချက်တွေကို ထိုင်းမီဒီယာတွေက ရေးသားထားကြတာ ဖြစ်ပါတယ်။
မီနာ ဖမ်းဆီးခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေတဲ့ ခါနာပီဝတ်ဆိုသူကို ထိုင်းရဲတပ်ဖွဲ့က ဇူလိုင်လ ၃ ရက်နေ့မှာ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းတွေ ပြုလုပ်ခဲ့ရာ ၎င်းဟာ ချင်းခန်ခရိုင်အတွင်းမှာ အဆိုပါပါဆယ်ထုပ်တွေကို လက်ခံရယူခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့မှာ ဘန်ကောက်မြို့က မီနာရဲ့ ကွန်ဒိုအခန်းကို ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ ဝန်ခံထားတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စုံစမ်းစစ်ဆေးသူတွေဟာ ဒီမူးယစ်ဆေးတွေကို ထိုင်းနိုင်ငံကတဆင့် ပြည်ပနိုင်ငံတွေဆီကို ဆက်လက်ပို့ဆောင်ဖို့ စီစဉ်ထားတယ်လို့ ယုံကြည်နေကြတာကြောင့် သံသယရှိသူအသစ်တွေကိုလည်း ထပ်မံဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ ထိုင်းဘက်ကလာတဲ့ သတင်းတွေအရ သိရပေမယ့် ထိုင်းလေယာဉ်မယ်ရဲ့ ထွက်ဆိုချက်နဲ့ သူမရဲ့ ပြစ်မှုအတိုင်းအတာ ဘယ်လောက်ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတာမျိုးတော့ မတွေ့ရသေးပါဘူး။

#PAN