(နိုင်ငံတကာ) ဇူလိုင် ၆
လာအိုနိုင်ငံ လွန်ပရာဘန်မြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Bounleuam Manivong က လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး မြန်မာ-လာအို နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက လွန်ပရာဘန်မြို့သည် သာယာလှပပြီး အေးချမ်းစိမ်းလန်းသည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ ယခုကဲ့သို့ လာရောက်နိုင်ခြင်းအတွက် ဝမ်းမြောက်ကျေနပ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပုဂံ-လွန်ပရာဘန် Sister City ဆက်ဆံရေးကို ဆက်လက်မြှင့်တင်လိုကြောင်းနှင့် ကျိုင်းတုံ-လွန်ပရာဘန်အကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးကိုလည်း တိုးမြှင့်သင့်ကြောင်း ပြောကြားခဲ့သည်။
နှစ်နိုင်ငံပြည်သူများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများတွင် တူညီမှုများရှိနေသဖြင့် ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။
လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးက နိုင်ငံတော်သမ္မတနှင့် ဇနီးအပါအဝင် မြန်မာကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲစွာ ကြိုဆိုဂါရဝပြုခဲ့ပြီး ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်အတွင်းရေးမှူးက လွန်ပရာဘန်ပြည်နယ်၏ သမိုင်း၊ ပထဝီဝင်နှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်သမ္မတဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ လွန်ပရာဘန်မြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို လာရောက်လေ့လာခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။
လွန်ပရာဘန်ပြည်နယ်သည် ဧရိယာ စတုရန်းကီလိုမီတာ ၁၆,၀၀၀ ကျော်ရှိပြီး ၈၅ ရာခိုင်နှုန်းမှာ တောင်တန်းဒေသများဖြစ်ကြောင်း၊ ၁၉၉၅ ခုနှစ်တွင် UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်မြို့အဖြစ် အသိအမှတ်ပြုခံထားရပြီး ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းထားကြောင်း သိရသည်။
ထို့ပြင် ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်ခဲ့ပြီး ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုလျက်ရှိကြောင်းလည်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်အတွင်းရေးမှူးက နိုင်ငံတော်သမ္မတ၏ လွန်ပရာဘန်ခရီးစဉ် အောင်မြင်ချောမွေ့ပြီး ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်စေရန် ဆုမွန်ကောင်းတောင်းခဲ့သည်။
နိုင်ငံတော်သမ္မတကလည်း ရှင်းလင်းတင်ပြမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး မန္တလေး၊ ပုဂံ၊ ရန်ကုန်နှင့် လွန်ပရာဘန်မြို့တို့အကြား ခရီးသွားလုပ်ငန်း ချိတ်ဆက်ဖွံ့ဖြိုးလာပါက နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ယခု လာအိုနိုင်ငံ ခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ မြန်မာ-လာအို နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဆင့်သို့ မြှင့်တင်နိုင်ရေးဖြစ်ကြောင်း ပြောကြားခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

#PAN