(မှုခင်း) ဇူလိုင် ၆
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်၊ ညောင်ပင်သာလမ်းရှိ လူနေထိုင်ခြင်းမရှိသည့် ဟိုတယ်တခုတွင် လျှပ်စစ်မီးကြိုးများ ဝင်ရောက် ခိုးယူနေသူ ၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဇူလိုင်လ ၅ ရက်၊ ည ၉ နာရီ အချိန်ခန့်က တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ညောင်ဖြူစခန်းရပ်ကွက်၊ ညောင်ပင်သာလမ်းရှိ လူနေထိုင်ခြင်းမရှိဘဲ ပိတ်ထားသည့် ငြိမ်းချမ်းဟိုတယ်တွင် တံခါးများ ပွင့်နေသဖြင့် ဝင်ရောက်စစ်ဆေးရာဟိုတယ် ဒုတိယပ် လှေကားအောက်တွင် ကျော်ဝင်းထိုက် (ခ) ပေါက်စီ၊ အောင်သောင်း (ခ)ယောက်တယ်၊ မိုးမင်းစိုးနှင့် စိုးမိုးအောင် (ခ) ခေါကြီး တို့ ၄ ဦးအား လိမ္မော်/နက်ရောင် ပလယ်ယာ ၁ ချောင်း၊ ဝက်အူလှည့် ၁ ချောင်း၊ ပလယ်ယာအသေး ၁ ချောင်း၊ မီးကြိုး ခွာရာတွင် အသုံးပြုသည့် ကတ်ကြေးအသေး ၁ ချောင်း၊ အပြာရောင် ခဲတံချွန်ဓါး ၁ ချောင်း၊ အနီရောင်ဂတ်စ်မီးခြစ် ၁ လုံးတို့နှင့်အတူ မီးကြိုးများဖြတ်တောက်ထားသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက် စစ်ဆေးချက်အရ ၎င်းတို့ ၄ ဦးသည် လွန်ခဲ့သော ၄ ရက်ခန့် ကတည်းက ဟိုတယ်အတွင်း ရောက်ရှိပြီး မီးကြိုးများဖြတ်တောက်ကာ ဟိုတယ်၏ အနောက်ဘက်ရှိ မြောင်းအတွင်း မီးကြိုးများမှ ခွာယူခဲ့ပြီး ခွာယူထားရှိသည့် ကြေးနန်းကြိုး ၁၆ ပိဿာခန့်၊ Made IN JAPAN RVV 70 Sqmm အမျိုးအစား နက်ရောင်မီးကြိုး ၁၀ မီတာန့်၊ Made IN China 7064 အမျိုးအစား ခဲရောင်မီးကြိုး ၄၉ မီတာ၊ အသုံးမပြု မရသည့် FUJI အမျိုးအစား တီဗီ ၁ လုံးတို့အား တွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါ ငြိမ်းချမ်းဟိုတယ်အတွင်းမှ မီးကြိုးများ ခိုးယူသူ ၄ ဦးတို့အား တောင်ကြီးနယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#PAN