
(နိုင်ငံတကာ) ဇူလိုင် ၅
အမေရိကန်ပြည်ထောင်စု၏ ကြားဝင်စေ့စပ်မှုဖြင့် အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားသော်လည်း ဂါဇာကမ်းမြောင်ဒေသတွင် လွန်ခဲ့သည့် ၄၈ နာရီအတွင်း အစ္စရေး၏ တိုက်ခိုက်မှုများနှင့် အဆောက်အအုံအပျက်အစီးများအောက်မှ ပါလက်စတိုင်းရုပ်အလောင်း အနည်းဆုံး ၁၆ ဦး ထပ်မံတွေ့ရှိရကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ စနေနေ့ ထုတ်ပြန်ချက်အရ ဒေသတွင်းရှိ ဆေးရုံများသို့ ပါလက်စတိုင်းနိုင်ငံသား ၁၆ ဦး၏ ရုပ်အလောင်းများ ရောက်ရှိလာခဲ့ပြီး၊ ၎င်းတို့အနက် ၇ ဦးမှာ မကြာသေးမီက အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် တိုက် ရိုက်သေဆုံးခဲ့ရခြင်းဖြစ်ကာ ကျန် ၉ ဦးမှာမူ ယခင်ဖျက်ဆီးခံ ထားရသော အဆောက်အအုံပျက်များအောက်မှ ဆယ်ယူရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အဆိုပါ ၄၈ နာရီအတွင်း လူ ၁၆ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ဒေသတွင်း ပဋိပက္ခများကြောင့် လူနာတင်ယာဉ်များနှင့် အရပ်ဘက်ကာကွယ်ရေးဝန်ထမ်းများ သွားရောက်နိုင်ခြင်းမရှိသေးသဖြင့် အပျက်အစီးများအောက်တွင် ပိတ်မိနေသည့် သေဆုံး/ဒဏ်ရာရသူ အများအပြား ကျန်ရှိနေသေးကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလက အစ္စရေးနှင့် ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပြီးနောက် အကြီးစားတိုက်ပွဲများ လျော့နည်းသွားသော်လည်း အစ္စ ရေးဘက်က တိုက်ခိုက်မှုများကို ဆက်လက် လုပ်ဆောင်နေခဲ့သည်။
အပစ်ရပ်စဲရေး စတင်အသက်ဝင်ခဲ့ကတည်းက အစ္စရေးစစ် တပ်၏ သဘောတူညီချက်ချိုးဖောက်မှုများကြောင့် ပါလက်စတိုင်းပြည်သူ ၁,၀၆၆ ဦး သေဆုံးခဲ့ပြီး ၃,၄၄၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဝန်ကြီးဌာနက ဆိုသည်။ ယခုနောက်ဆုံး ထိခိုက်မှုများအပါအဝင် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစတင်ခဲ့သော အစ္စ ရေး၏ စစ်ပွဲအတွင်း ဂါဇာ၌ သေဆုံးသူ စုစုပေါင်း ၇၃,၀၉၀ ဦးအထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရသူ ၁၇၃,၅၅၀ ဦး ရှိလာပြီဖြစ်သည်။
အဆိုပါ အပစ်ရပ်ကာလအတွင်းမှာပင် အစ္စရေးစစ်တပ်သည် ဒေသခံများကို အဓမ္မရွှေ့ပြောင်းခိုင်းကာ ဂါဇာအတွင်း ၎င်းတို့ထိန်းချုပ်ရာ နယ်မြေဧရိယာကို ဆက်လက်တိုးချဲ့နေခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက စစ်တပ်အနေ ဖြင့် ဂါဇာကမ်းမြောင်ဒေသ၏ ၇၀ ရာခိုင်နှုန်းကျော်အထိ ထိန်း ချုပ်နိုင်ရန် ညွှန်ကြားထားကြောင်း မေလနှောင်းပိုင်းက ထုတ် ဖော်ပြောကြားခဲ့သည်။
မူလအပစ်ရပ် သဘောတူညီချက်အရ ဟားမတ်စ်အဖွဲ့က ပထမအဆင့် ဓားစာခံများကို လွှတ်ပေးပြီးနောက် ဒုတိယအဆင့်အနေဖြင့် ဟားမတ်စ်ဘက်က လက်နက်ဖြုတ်သိမ်းရန်နှင့် အစ္စ ရေးစစ်တပ်က ဂါဇာမှ တဖြည်းဖြည်းချင်း ပြန်လည်ဆုတ်ခွာရန် စီစဉ်ထားခဲ့သည်။
သို့သော်လည်း ဟားမတ်စ်အဖွဲ့၏ လက်နက်ဖြုတ်သိမ်းရေး သတ်မှတ်ချက်နှင့် အစ္စရေးစစ်တပ် မည်မျှအထိ ပြန်ဆုတ်ရမည်ဆိုသည့် အတိုင်းအတာအပေါ် နှစ်ဖက်သဘော ထား ကွဲလွဲနေခြင်းကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ သည် လပေါင်းများစွာကြာအောင် တိုးတက်မှုမရှိဘဲ ဆက် လက်ရပ်တန့်နေဆဲဖြစ်သည်။
Telegram»…
https://t.me/positiveanglenews
#PAN