ဂျာမနီတွင် လက်ယာစွန်း AfD ပါတီ၏ ညီလာခံကို လူပေါင်းသောင်းချီ လမ်းပိတ်ဆန္ဒပြ၊ နာဇီခေတ်နောက်ပိုင်း ပထမဆုံး အကြွင်းမဲ့အာဏာရရှိမည့်အရေး ဂျာမန်လူထု စိုးရိမ်နေ

(နိုင်ငံတကာ) ဇူလိုင် ၅

     ဂျာမနီနိုင်ငံတွင် အငြင်းပွားဖွယ်ရာ လက်ယာစွန်းရောက် “ဂျာမနီအတွက် အလှည့်အပြောင်း” (AfD) ပါတီ၏ နှစ်ပတ် လည်ညီလာခံ ကျင်းပရာ သုရင်ဂီယာ (Thuringia) ပြည် နယ်၊ အဲဖတ် (Erfurt) မြို့သို့ ဆန့်ကျင်သူ လူပေါင်းသောင်းချီ ဝင်ရောက်လာပြီး လမ်းမများကို ပိတ်ဆို့ဆန္ဒပြခဲ့ကြကြောင်း သိရသည်။                                          

   ဂျာမန်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ဒေသတွင်းရွေး ကောက်ပွဲများ မတိုင်မီ ကျင်းပသည့် အဆိုပါ နှစ်ရက်တာ ပါတီညီလာခံကို ကန့်ကွက်ရန် ဂျာမနီတစ်ဝှမ်းမှ ဆန္ဒပြသူ အနည်းဆုံး ၂၀,၀၀၀ ခန့်သည် ဘတ်စ်ကားအစီးရေ ၂၀၀ ကျော်ဖြင့် အဲဖတ်မြို့သို့ လာရောက်စုဝေးခဲ့ကြခြင်း ဖြစ်သည်။

    အလုပ်သမားသမဂ္ဂများ၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့် လက်ဝဲယိမ်းပါတီများမှ ဆန္ဒပြသူများသည် “Widersetzen” (တွန်းလှန်ရေး) ဟူသော မဟာမိတ်အဖွဲ့အောက်တွင် စုစည်းကာ “ဂျာမနီတွင် ဖက်ဆစ်ဝါဒ ပြန်လည်ဦးမော့လာမှုကို လုံးဝခွင့်မလွှတ်နိုင်ကြောင်း” ကြွေးကြော်ခဲ့ကြသည်။

     ဆန္ဒပြသူအချို့သည် အဝေးပြေးတံတားပေါ်မှ ကြိုးများဖြင့် ဆင်းသက်ကာ လမ်းကြောင်းများကို ပိတ်ဆို့ခဲ့ကြပြီး မြို့လယ်ခေါင်တွင် ထိုင်သပိတ်များ ပြုလုပ်ခဲ့ကြသည်။ အချို့နေရာများတွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန် ခတ် ဖြစ်ပွားခဲ့သော်လည်း AfD ပါတီ ကိုယ်စားလှယ်အများစုမှာ ညီလာခံကျင်းပရာနေရာသို့ ရောက်ရှိသွားခဲ့ပြီး ပွဲကို သတ်မှတ်ချိန်အတိုင်း စတင်နိုင်ခဲ့သည်။



    AfD ပါတီသည် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း လက်ယာစွန်းပါတီတစ်ခုအနေဖြင့် အကောင်းဆုံးရလဒ်ကို ရရှိကာ ဒုတိယအကြီးဆုံးပါတီ ဖြစ် လာခဲ့သည်။ လက်ရှိတွင် ဂျာမနီနိုင်ငံ၏ စီးပွားရေးနှစ်ပေါင်းများစွာ တုံ့ဆိုင်းနေမှုကြောင့် လူထုထောက်ခံမှု ပိုမိုမြင့်တက်လာပြီး အာဏာရ အဓိပတိ ဖရီးဒရစ် မာဇ် (Friedrich Merz)၏ ကွန် ဆာဗေးတစ်ပါတီကို သိသိသာသာ အသာစီးရနေသည်။

     နောက်ဆုံးထွက်ပေါ်လာသော သဘောထားစစ်တမ်းများအရ အရှေ့ပိုင်း ဆက်ဆွန်နီ-အန်ဟော့ (Saxony-Anhalt) ပြည်နယ်တွင် AfD သည် ထောက်ခံမှု ၄၂ ရာခိုင်နှုန်းအထိ ရရှိနေပြီး အကြွင်းမဲ့အာဏာအများစု (Absolute majority)ဖြင့် ပြည် နယ်အဆင့် အာဏာရရှိရန် နီးစပ်နေ သည်။ ယင်းသည် ၁၉၃၂ ခုနှစ်တွင် နာဇီပါတီ အာဏာရခဲ့ပြီးနောက်ပိုင်း လွတ်လပ်သောရွေးကောက်ပွဲ၌ လက်ယာစွန်းပါတီတစ်ခုက ဂျာမနီပြည်နယ်တစ်ခုကို ပထမဆုံးအကြိမ် ထိန်းချုပ်ခွင့်ရမည့် သမိုင်းဝင်ဖြစ်ရပ်ဖြစ်လာနိုင်သဖြင့် ပြည်တွင်းပြည်ပတွင် တုန်လှုပ်စရာ ဖြစ်နေသည်။              

     AfD ပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆန့်ကျင်ရေး လှုပ် ရှားမှုများကြောင့် ပြည်တွင်းထောက်လှမ်းရေးအေဂျင်စီ၏ စောင့်ကြည့်ခြင်းကို နှစ်ပေါင်းများစွာ ခံနေရသည့်အပြင်၊ အဓိက နိုင်ငံရေးပါတီကြီးများအားလုံးက ၎င်းတို့ ၏ “ဒီမိုကရေစီဆန့် ကျင်ရေး” နှင့် “အစွန်းရောက်” အမြင်များကြောင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုထားသည်။

  ဆန္ဒပြပွဲပြောရေးဆိုခွင့်ရှိသူ နိုအာ ဆန်ဒါ (Noa  Sander)က “AfD ပါတီဟာ အစုလိုက်အပြုံလိုက် ပြည်နှင် ဒဏ်ပေးတာတွေနဲ့ လူမျိုးစုအလိုက် သန့်စင်မှုတွေကို လုပ်ချင်နေတာကြောင့် ဒီပါတီကို လုံးဝပိတ်ပင်ဖျက်သိမ်းရပါမယ်” ဟု အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့ပြီး ၎င်းတို့၏ မူဝါဒများနှင့် အဖွဲ့ဝင်များကို လူ့အဖွဲ့အစည်းတွင် နေရာမရှိစေရဟု ဆိုသည်။                         

Telegram»…
https://t.me/positiveanglenews

#PAN