(မှုခင်း) ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကွက်သစ်၊ မြို့ပတ်လမ်းတွင် ငွေကျပ် ၄,၄၄၆.၅ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။
ဇွန်လ ၂၉ ရက်နေ့ မွန်းလွဲ၃နာရီ၄၅မိနစ် အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကွက်သစ်၊ မြို့ပတ်လမ်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်ဆန်းနိုင်လင်း(ခ)နိုင်လင်း နှင့် စည်သူဝင်း တို့အား BELTA အမျိုးအစား မော်တော်ယာဉ်နှင့် MITSUBISHI PAJERO အမျိုးအစား မော်တော်ယာဉ်တို့နှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ BELTA ယာဉ်ပေါ်မှ ဘိန်းဖြူ အလေးချိန် ၂.၂ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇၇၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၅နာရီ အချိန်တွင် အဆိုပါမြို့နယ်၊ နန်းဦးလွင်ကွက်သစ်ရှိ မြားနို့(ခ)ကိုရှမ်း ၏ နေအိမ်အား ဆက်လက်ရှာဖွေရာ ၎င်းနှင့်အတူ ကားနူးတို့(ခ)ဒေးဗစ် အား တွေ့ရှိပြီး နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၁၃.၉၇ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၃,၄၉၂.၅ သိန်း)၊ ဘိန်းစိမ်း အလေးချိန် ၁၃ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁၃၀)၊ ဘိန်းဆီခဲ အလေးချိန် ၁.၈ ကီလို (ဒေသကာလတန်ဖိုးငွေကျပ် ၅၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ တရားခံ အောင်ဆန်းနိုင်လင်း(ခ)နိုင်လင်း(၄၃)နှစ်၊ စည်သူဝင်း(၄၅)နှစ်၊ မြားနို့(ခ)ကိုရှမ်း(၃၃)နှစ် နှင့် ကားနူးတို့(ခ)ဒေးဗစ်(၃၂)နှစ်တို့အား ပုသိမ်ကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

#PAN