အနောက်ဖက်ကမ်းတွင် တရားမဝင် ဂျူးအခြေချနေထိုင်ရာနေရာသစ် ၁၃ ခု တည်ဆောက်မည့်စီမံကိန်း အစ္စရေးအတည်ပြု၊ ပါလက်စတိုင်းနိုင်ငံထူထောင်ရေး အလားအလာ ပျက်ပြားနိုင်ဟု သတိပေး

(နိုင်ငံတကာ) ဇူလိုင် ၃ 

      အစ္စရေးနိုင်ငံ၏ လုံခြုံရေးကက်ဘိနက်အဖွဲ့သည် သိမ်း ပိုက်ထားသော အနောက်ဖက်ကမ်း(West Bank) အလယ်ပိုင်းဒေသတွင် ဂျူးအခြေချနေထိုင်ရာနေရာသစ် ၁၃ ခု ထပ်မံ တည် ဆောက်မည့် အစီအစဉ်တစ်ခုကို အတည်ပြုလိုက်ကြောင်း သိရသည်။ ယခုလုပ်ရပ်သည် နယ်မြေကို ပိုမိုစိတ်ဖြာသွားစေမည့်အပြင် ပါလက်စတိုင်းတို့၏ နယ်မြေချင်းဆက်စပ်နေမှုကို ဖြတ်တောက်တားဆီးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပါလက်စတိုင်း တာဝန်ရှိသူများက ဝေဖန်ရှုတ်ချလိုက်သည်။

     အစ္စရေးသတင်းဌာနတစ်ခုဖြစ်သော Channel 7 ၏ ဖော်ပြချက်အရ အစ္စရေးအစိုးရသည် အနောက်ဖက်ကမ်းဒေသရှိ အကြီးဆုံး အခြေချနယ်မြေစုကြီးဖြစ်သည့် ဘင်ယာမင် (Binyamin) ဒေသတွင်း၌ အဆိုပါတရားမဝင် အခြေချနေထိုင်ရာနေရာများကို တည်ဆောက်ရန် ပြီးခဲ့သည့် ကြာသပတေးနေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

     အဆိုပါနေရာသည် နာဘလတ်စ်၊ ရာမလဟ်နှင့် ဘက်သလီဟင် စသည့် ပါလက်စတိုင်းမြို့ကြီးများကို မြောက်မှတောင်သို့ ဗဟိုပြုချိတ်ဆက်ပေးထားသည့် အဓိက သွေးကြောလမ်းမကြီးဖြစ်သော လမ်းကြောင်းအမှတ် ၆၀ (Route 60) ပေါ်တွင် တည်ရှိသည်။                          

    ပါလက်စတိုင်း၏ ဂျေရုဆလင်အုပ်ချုပ်ရေးမှူးရုံးက ယခုစီမံကိန်း၏ ပထမအဆင့်ကို လာမည့်လပိုင်းအတွင်း စတင်မည်ဖြစ်ပြီး ရှယ်ကယ်ငွေ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံကာ အခြေ ချနေရာသစ် ၄ ခုမှ ၆ ခုအထိ အရင်ဆုံး တည်ထောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ ထို့အပြင် လက်ရှိရှိနေပြီးသား တရားမဝင် သင်းအုပ်ဆရာအခြေချစခန်း(Pastoral outposts) အချို့ကိုလည်း အစိုးရက ရန်ပုံငွေနှင့် အခြေခံအဆောက်အအုံများ တရား ဝင် ထောက်ပံ့ပေးနိုင်ရန် ဥပဒေကြောင်းအရ လွှဲပြောင်းပေးသွားမည် ဖြစ်သည်။                      

     ပါလက်စတိုင်းအာဏာပိုင်များ၏ အဆိုအရ အစ္စရေး၏ ယခုအစီအမံသည် ဂျေရုဆလင်မြို့ အနောက်မြောက်ဘက်နှင့် ရာမလဟ်မြို့ အနောက်ဘက်ရှိ လမ်းမကြီးတစ်လျှောက်မှသည် ဂျော်ဒန်မြစ်ဝှမ်း (Jordan Valley) ဘက်အထိ အခြေချနယ်မြေစုများကို အချင်းချင်း ချိတ်ဆက်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။

     ယင်းသည် မဟာဗျူဟာမြောက် ကုန်းမြင့်များကို အစ္စရေးက တင်းကျပ်စွာ ထိန်းချုပ်ရန်ဖြစ်ပြီး “မြေပြင်ပေါ်တွင် ပထဝီဝင်ဆိုင်ရာ လက်တွေ့အခြေအနေသစ်များကို ဖန်တီးကာ နယ်မြေချင်းထိစပ်နေသည့် ပါလက်စတိုင်းနိုင်ငံတစ်ခု တည်ထောင်နိုင်မည့် အလားအလာများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းဖြစ် သည်” ဟု ဂျေရုဆလင်အုပ်ချုပ်ရေးမှူးရုံးက သတိပေးထား သည်။                       

     ပါလက်စတိုင်းလေ့လာရေးအဖွဲ့ (MADAR)၏ အချက် အလက်များအရ အစ္စရေးသည် လွန်ခဲ့သည့်နှစ်များအတွင်း အခြေချစခန်းအသစ်များကို အရှိန်အဟုန်ဖြင့် တိုးချဲ့လာခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ၃၂ ခု၊ ၂၀၂၄ ခုနှစ်တွင် ၆၂ ခုနှင့် ၂၀၂၅ ခုနှစ်တွင် ၈၆ ခုအထိ မကြုံစဖူး ခုန်တက်သွားခဲ့သည်။ ယင်းလုပ်ငန်းများအတွက် အစ္စရေးအစိုးရသည် ၂၀၂၄ ခုနှစ်အတွင်း ရန်ပုံငွေ ရှယ်ကယ် ၇၅ သန်း (အမေရိကန်ဒေါ်လာ သန်း ၂၀) အထိ သုံးစွဲခဲ့ကြောင်း သိရသည်။

     ပါလက်စတိုင်းတာဝန်ရှိသူများက ယခုလုပ်ရပ်သည် အော့စလိုသဘောတူညီချက် (Oslo Accords)ကို ချိုးဖောက်ခြင်းဖြစ်ပြီး အန္တရာယ်ရှိသော အခြေအနေတင်းမာမှုဖြစ်သဖြင့် နိုင်ငံ တကာအသိုင်းအဝိုင်းအနေဖြင့် ချက်ချင်းကြားဝင်စွက်ဖက်ပေးရန် တောင်းဆိုထားသည်။ လက်ရှိတွင် သိမ်းပိုက်ခံနယ်မြေများ၌ ဂျူးအခြေချနေထိုင်သူ ၇၀၀,၀၀၀ ကျော် ရှိနေပြီဖြစ်ကာ နိုင်ငံ တကာအသိုင်းအဝိုင်းကမူ ယင်းအခြေချမှုများကို အပြည်ပြည်ဆိုင်ရာဥပဒေအရ တရားမဝင်ဟု သတ်မှတ်ထားသည်။                             

Telegram»…
https://t.me/positiveanglenews

#PAN