
(နိုင်ငံတကာ) ဇွန် ၃၀
ထိုင်းနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့အကြား တရားဝင်သံတမန်ဆက် ဆံရေး ထူထောင်မှု (၁၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားကြီးတို့သည် ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron)၏ ဖိတ်ကြားချက်အရ ပြင်သစ်နိုင်ငံသို့ ၅ ရက်ကြာ နိုင်ငံတော်အဆင့် ချစ် ကြည်ရေးခရီးစဉ် ရောက်ရှိနေပြီ ဖြစ် သည်။
ယခုအပတ် တနင်္ဂနွေနေ့မှ ကြာသပတေးနေ့အထိ ပြု လုပ်မည့် အဆိုပါခရီးစဉ်သည် လက်ရှိနန်းစံနေသော ထိုင်းဘုရင်တစ်ပါးအနေဖြင့် ပြင်သစ်နိုင်ငံသို့ သွားရောက်သည့် သမိုင်း တစ် လျှောက် တတိယမြောက် တရားဝင်ခရီးစဉ်သာ ဖြစ်သည်။
ထို့ပြင် ယခုခရီးစဉ်သည် လွန်ခဲ့သော နှစ်ပေါင်း ၃၄၀ က ဆိုင်ယမ် (ထိုင်း) နိုင်ငံတော်နှင့် ပြင်သစ်နိုင်ငံတို့ ပထမဆုံး စတင်ထိတွေ့ခဲ့သည့် သမိုင်းကြောင်းကို ပြန်လည်အမှတ်ရစေကာ နှစ်နိုင်ငံအကြား တည်ရှိခဲ့သော နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် စီးပွား ရေးဆိုင်ရာ ရေရှည်ခိုင်မာမှုကို ပြသရာလည်း ရောက်သည်။
ထိုင်းဘုရင်နှင့် မိဖုရားတို့သည် တနင်္ဂနွေနေ့နံနက်ပိုင်းတွင် ထိုင်းအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (Thai Airways) ဖြင့် ပဲရစ်အော်လီ (Paris-Orly) လေဆိပ်သို့ ဆိုက်ရောက်ခဲ့ကြရာ ပြင်သစ်ပြည်ထဲရေးဝန်ကြီး လော်ရင့် နူးညက်ဇ်(Laurent Nunez)နှင့် ပြင်သစ်အဆင့်မြင့်အရာရှိများက ခရီးဦးကြိုဆိုခဲ့ကြသည်။ ထို့ပြင် ပဲရစ်မြို့၌ ဖက်ရှင်နှင့် ယဉ်ကျေးမှုကဏ္ဍတွင် ရေပန်းစားသော တော်ဝင်သမီးတော် မင်းသမီး သီရိဝဏ္ဏဝရီ နာရီရတနာ ရာဇကန်ညာ (Princess Sirivannavari) ကလည်း လေယာဉ်ပေါ်အထိ တက်ရောက်ကာ ပန်းစည်းဆက်သ ကြိုဆိုခဲ့သည်။
ထိုင်းနိုင်ငံ အစိုးရပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်အရ ထိုင်းနှင့် ပြင်သစ်တို့သည် ၁၈၅၆ ခုနှစ်တွင် ချစ်ကြည် ရေး၊ ကုန် သွယ်ရေးနှင့် ရေကြောင်းသွားလာရေးစာချုပ် (Treaty of Amity, Commerce and Navigation) ကို လက်မှတ်ရေးထိုးကာ တရားဝင်သံတမန်ရေးကို စတင်ခဲ့ခြင်းဖြစ်သည်။
သမိုင်းတစ်လျှောက်တွင် ၁၈၉၇ ခုနှစ်၌ ရာမ ၅ မြောက်မြတ်သော ချုလာလောင်ကွန်း (King Chulalongkorn) မင်းမြတ်က ဥရောပခရီးစဉ်အဖြစ် ပြင်သစ်သို့ ပထမဆုံး သွား ရောက်ခဲ့ပြီး ဆိုင်ယမ်နိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးကို ခေတ်မီစေရန် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဒုတိယအကြိမ်အဖြစ် ၁၉၆၀ ပြည့်နှစ်တွင် မဟာဘူမိဗလအတုလျတေဇ (King Bhumibol Adulyadej) မင်းမြတ်နှင့် သီရိကစ် မိဖုရားကြီးတို့က ပြင်သစ်သို့ သွားရောက်ကာ စစ်ပြီးခေတ် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်ခဲ့သည်။
ယခုတတိယအကြိမ်မြောက် သွားရောက်သည့် ခရီးစဉ်အတွင်း တရားဝင်အခမ်းအနားများအပြင် နှစ်နိုင်ငံအကြား ယဉ် ကျေးမှု၊ နည်းပညာဆန်းသစ်တီထွင်မှု၊ ရေရှည်တည်တံ့သော မြို့ပြစီမံကိန်းများနှင့် အာကာသယာဉ်ထုတ်လုပ်မှုလုပ်ငန်း (Aerospace industry)စသည့် ခေတ်သစ်စီးပွားရေးနှင့် နည်းပညာကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူး ပေါင်းဆောင်ရွက်သွားနိုင်ရန် ဆွေးနွေးမြှင့်တင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN