
(နိုင်ငံတကာ) ဇွန် ၂၇
ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်း မာဂါဇီ (Maghazi) ဒုက္ခ သည်စခန်းအဝင်ဝတွင် အစ္စရေးတိုက်ခိုက်ရေးဒရုန်းတစ်စင်းက ရဲတပ်ဖွဲ့မော်တော်ယာဉ်တစ်စင်းကို ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် ပါလက်စတိုင်းရဲအရာရှိ ၃ ဦး သေဆုံးပြီး အခြားလူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သောကြာနေ့က ဆာလာဟတ်ဒင် (Salah al-Din) လမ်းမပေါ်တွင် သွားလာနေသည့် အရပ်ဘက်ရဲတပ်ဖွဲ့ယာဉ်တစ်စင်းကို အစ္စ ရေးဒရုန်းက အနည်းဆုံး ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မှာ မီးလောင်ကျွမ်းသွားခဲ့သည်။ ယခုတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများမှာ ရဲဗိုလ်ကြီး မန်ဆာ ဆာမိ ရှာထောက်၊ ဗိုလ်ကြီး မိုဟာမက် ခါလစ် နိုဖယ် နှင့် တပ်ကြပ်ကြီး မာဒီ နာဒါ ဂျာဘ် တို့ဖြစ်ကြောင်း ပါလက်စတိုင်း ပြည်ထဲရေးနှင့် အမျိုးသားလုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရုပ်အလောင်းများကို ဒေရ်အယ်လ်ဘာလာရှိ အယ်လ်အက်ဆာ ရှဟီးဒ်များဆေးရုံသို့ ပို့ဆောင်ထားသည်။ ပြည်ထဲရေးဝန် ကြီးဌာနက ယခုလုပ်ရပ်သည် ဂါဇာတစ်ခွန်းလုံး ပရမ်းပတာဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး၊ ရဲတပ်ဖွဲ့အပေါ် တိုက်ခိုက်မှုများ ရပ်တန့်စေရန် အပစ်အခတ်ရပ်စဲရေး အာမခံနိုင်ငံများကို တောင်းဆိုထား သည်။
အမေရိကန်က ကြားဝင်စေ့စပ်ပေးထားသည့် ဂါဇာ “အပစ်အခတ်ရပ်စဲရေး” သဘောတူညီချက်သည် ၂၀၂၅ ခုနှစ်၊ အောက် တိုဘာလ ၁၀ ရက်ကတည်းက စတင်အသက်ဝင်ခဲ့သော်လည်း အစ္စရေးဘက်က စစ်ရေးအရ ဆက်လက်တိုက်ခိုက်နေဆဲဖြစ် သည်။
ဂါဇာကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အပစ်အခတ်ရပ်စဲရေးကာလအတွင်း အစ္စရေး၏ ချိုးဖောက်မှုများကြောင့် ပါလက်စတိုင်းလူမျိုး ၁,၀၃၁ ဦး သေဆုံးပြီး ၃,၃၀၉ ဦး ဒဏ်ရာရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် အောက်တို ဘာလ စစ်ပွဲစတင်ကတည်းကဆိုလျှင် စုစုပေါင်း သေဆုံးသူ ၇၃,၀၀၀ ကျော် ရှိလာပြီဖြစ်သည်။
ဟားမတ်စ်ပြောရေးဆိုခွင့်ရှိသူ ဟာဇမ် ကာဆမ်က မြေ ပြင်တွင် အစ္စရေးသည် ကယ်ဆယ်ရေးပစ္စည်းများကို ပိတ်ဆို့ခြင်း၊ သတ်ဖြတ်မှုများ ဆက်လုပ်ခြင်းအပြင် ဂါဇာနယ်မြေအတွင်း စစ်ဘက်သတ်မှတ်ချက် “ဝါရောင်မျဉ်း” ကို တိုးချဲ့ကာ နေအိမ်များကို ဖျက်ဆီးနေကြောင်း စွပ်စွဲခဲ့သည်။
သို့သော်လည်း အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်ကို အကောင်အထည်ဖော်နိုင်ရန် ငြိမ်းချမ်းရေးကိုယ်စားလှယ် နီကိုလိုင်း မြာဒီနော့ဗ် တင်ပြထားသည့် ချဉ်းကပ်မှုအသစ်များကို ဟားမတ်စ်နှင့် ပါလက်စတိုင်းအဖွဲ့များက ပြန်လည်သုံးသပ်နေပြီး၊ လာမည့်ရက်ပိုင်းအတွင်း အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ သွား ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN