ဒိန်းမတ်အစိုးရသစ်က အစ္စလာမ်ဝတ်ပြုဆုတောင်းရန် ဖိတ်ခေါ်သံ (အာဇန် – Adhan)ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ပင်ရန် ဥပဒေကြောင်းအရ ပြန်လည်စုံစမ်းနေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ငြိစွန်းနိုင်၍ အငြင်းပွားမှုများမြင့်တက်

(နိုင်ငံတကာ) ဇွန် ၂၆      

   ဒိန်းမတ်နိုင်ငံတွင် အသစ်ဖွဲ့စည်းလိုက်သည့် အလယ်အလတ် လက်ဝဲယိမ်း ညွန့်ပေါင်းအစိုးရသည် အစ္စလာမ်ဘာသာ၏ ဝတ်ပြုဆုတောင်းရန် ဖိတ်ခေါ်သံ (အာဇန် – Adhan)ကို တစ်နိုင်ငံလုံးရှိ အဆောက်အအုံအမိုးအကာများပေါ်မှ ထုတ်လွှင့်ခြင်းမပြုနိုင်ရန် ပိတ်ပင်တားမြစ်မည့် ဥပဒေဘောင်တစ်ခုကို တတိယအကြိမ်မြောက်အဖြစ် ပြန်လည်စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။                 

     လူမှုဒီမိုကရက်တစ်ပါတီ (Social Democrats)ဝင် ဒိန်းမတ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး မော်တန် ဘော့ဒ်စကော့ဗ် (Morten Bødskov) က “ဝတ်ပြုဆုတောင်းဖို့ ဖိတ်ခေါ်သံတွေဟာ ဒိန်းမတ်နိုင်ငံမှာ နေရာမရှိပါဘူး။ ဒိန်းမတ်နိုင်ငံထဲ လမ်း လျှောက်နေရင်းနဲ့ ပါကစ္စတန်နိုင်ငံ အစ္စလမာဘတ်မြို့ရဲ့ ဆင်ခြေ ဖုံးရပ်ကွက်တစ်ခုကို ရောက်သွားသလိုမျိုး ဘယ်သူမျှ သံသယမဖြစ်စေရပါဘူး” ဟု ပြောကြားခဲ့ပြီး၊ နိုင်ငံအတွင်း တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လာသည့် “အစ္စလာမ်ဘာသာ အသွင်ကူး ပြောင်းမှု”က အများပြည်သူဆိုင်ရာ နေရာများကို အလွန်အကျွံ နေရာယူလာနေခြင်းကို ကန့်သတ်ရန်ဖြစ်ကြောင်း ဆိုသည်။                                   

    ဒိန်းမတ်နိုင်ငံတွင် လူဦးရေ ၆ သန်းခန့်ရှိသည့်အနက် မွတ်စ လင် ၂၇၀,၀၀၀ ခန့် နေထိုင်လျက်ရှိပြီး ဗလီအလုံးပေါင်း ၁၀၀ ခန့် ရှိသည်။ ဝန်ကြီးချုပ် မက်တီ ဖရက်ဒရစ်ခ်ဆင် (Mette Frederiksen)၏ လက်ဝဲယိမ်းအစိုးရသည် ဥရောပတွင် အတင်းကျပ်ဆုံးသော ရွှေ့ပြောင်းနေထိုင်မှုဆိုင် ရာ စည်းမျဉ်းများကို ပြဋ္ဌာန်းထားသည့်အပြင်၊ နိုင်ငံခြား သားအလွန်များသည့် ရပ်ကွက်များမှ ရွှေ့ပြောင်းနေထိုင်သူ များကို အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းသည့် “ဂတ်တို” (Ghetto) ဥပဒေများကိုပါ ကျင့်သုံးနေခြင်းဖြစ်သည်။            

သို့သော်လည်း ဒိန်းမတ်ဖွဲ့စည်းပုံအခြေခံဥပဒေက အများပြည်သူဆိုင်ရာ ဝတ်ပြုကိုးကွယ်ခွင့်နှင့် ဘာသာရေးလွတ် လပ်ခွင့်ကို အကာအကွယ်ပေးထားသဖြင့်၊ ယခုပိတ်ပင်မှုသည် ဥပဒေကြောင်းအရ ကြီးမားသော အတားအဆီးများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။                     

    ဥရောပအိမ်နီးနားချင်းနိုင်ငံများဖြစ်သည့် ဂျာမနီနှင့် ဗြိတိန်တို့တွင်မူ အများပြည်သူ အနှောင့်အယှက်မဖြစ်စေရန် ဝတ်ပြုဆု တောင်းရန် ဖိတ်ခေါ်သံ (အာဇန် – Adhan)ကို ထုတ်လွှင့်မည့် အချိန်နှင့် အသံပမာဏကိုသာ ကန့်သတ်ထားသော်လည်း၊ ဒိန်းမတ်အစိုးရ၏ အလုံးစုံပိတ်ပင်ရန် ကြိုးပမ်းမှုအပေါ် ဘာသာရေးလွတ်လပ်ခွင့် တက်ကြွလှုပ်ရှားသူများနှင့် အစိုးရအတွင်းရှိ ရက်ဒ်-ဂရင်း မဟာမိတ်အဖွဲ့ (Red-Green Alliance)တို့အကြား ဝေဖန်ဆွေးနွေးမှုများ ပြင်းထန်လျက်ရှိသည်။                  

Telegram»…
https://t.me/positiveanglenews

#PAN