ယူကရိန်း၏ သမိုင်းဝင်အကြီးမားဆုံး ဒရုန်းလှိုင်းဖြင့် ဗုံးကြဲမှုကို ရုရှား ကြားဖြတ်ပစ်ချ၊ ဘီလာရုစ်ကို စစ်ပွဲထဲဆွဲသွင်းရန် ကြိုးပမ်းနေဟုဆိုကာ ဇလန်းစကီးက စွပ်စွဲ

(နိုင်ငံတကာ) ဇွန် ၂၆      

   ယူကရိန်းစစ်တပ်က ရုရှားနိုင်ငံအတွင်းပိုင်းနှင့် စွမ်းအင်အခြေ ခံအဆောက်အအုံများကို ပစ်မှတ်ထားပြီး သမိုင်းဝင်အကြီးမားဆုံး အဝေးပစ်ဒရုန်းလှိုင်းဖြင့် တစ်ညတာလုံး အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယူကရိန်းဒရုန်း စုစုပေါင်း ၆၆၀ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။      

    ယခုတိုက်ခိုက်မှုသည် ၄ နှစ်ကျော်ကြာလာသည့် စစ်ပွဲအတွင်း ကိဗ် (ယူကရိန်းအစိုးရ) ၏ အကြီးမားဆုံးသော လေကြောင်းထိုးစစ်များထဲမှ တစ်ခုဖြစ်ပြီး မြို့တော်မော်စကို၊ ခရိုင်းမီးယားကျွန်းဆွယ်အပါအဝင် ရုရှားဒေသ ၁၃ ခုထက်မကတွင် ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရသည်။ မော်စကိုတောင်ဘက်ရှိ တူလာ (Tula)ဒေသနှင့် ရုရှား၏ ဗုံးသီးပေါက်ကွဲစေတတ်သော ပစ္စည်းများထုတ် လုပ်ရာတွင် အရေးပါသည့် Azot စက်ရုံ တည် ရှိရာ နိုဗိုမော့စကော့ဗ် (Novomoskovsk) မြို့ရှိ စက်မှုဇုန်များလည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။              

     ယူကရိန်း၏ စွမ်းအင်ကဏ္ဍကို ပစ်မှတ်ထားသည့် ဒရုန်းစစ် ဆင်ရေး အောင်မြင်မှုများကြောင့် ရုရှားစစ်တပ်အတွင်း လောင် စာဆီပြတ်လပ်မှုနှင့် ထောက်ပံ့ရေးလမ်းကြောင်း ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။            

     တစ်ချိန်တည်းမှာပင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelenskyy) က ရုရှားသည် ရှေ့တန်းစစ်မျက်နှာတွင် ရုန်းကန်နေရသဖြင့် အိမ်နီးနားချင်း ဘီလာရုစ်နိုင်ငံကို စစ်ပွဲအတွင်း ဆွဲသွင်းရန် ဖိအားပေးနေပြီး၊ ဘီလာရုစ်-ယူကရိန်းနယ် စပ်တွင် စစ်ရေးအဆောက်အအုံများ တည်ဆောက်နေကြောင်း ထောက်လှမ်းရေးသတင်းကို ကိုးကား၍ စွပ်စွဲခဲ့သည်။                            

     သို့သော်လည်း ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် (Dmitry Peskov) က ၎င်းစွပ်စွဲချက်ကို “အခြေအနေမှန်နဲ့ ကိုက်ညီမှုမရှိဘူး” ဟု ချက်ချင်းငြင်းဆိုခဲ့သလို၊ ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko) ကလည်း မိမိတို့အနေဖြင့် ယူကရိန်းနှင့် တိုက် ခိုက်ရန် ရည်ရွယ်ချက်မရှိကြောင်းနှင့် အကယ်၍ ယူကရိန်းဘက်က ဘီလာရုစ်ကို စစ်ပွဲထဲ ဆွဲသွင်းရန် ကြိုးပမ်းလာပါက “စစ်ပွဲရဲ့ သဘောသဘာဝက ချက်ချင်းပြောင်းလဲသွားလိမ့်မယ်” ဟု တုံ့ ပြန်သတိပေးခဲ့သည်။

     ဘီလာရုစ်သည် ရုရှားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ကာ နျူကလီးယားဒုံးကျံများ ချထားခွင့်ပေးထားသော်လည်း ၎င်းတို့၏ ကိုယ်ပိုင်တပ်ဖွဲ့များကိုမူ ယူကရိန်းစစ်ပွဲအတွင်းသို့ စေလွှတ်ခြင်း မရှိသေးပေ။              

Telegram»…
https://t.me/positiveanglenews

#PAN