ကလေးမြို့နယ်တွင် ငွေကျပ်သိန်း ၈,၈၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

(မှုခင်း) ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့နယ်၊ အေးသာယာကျေးရွာအနီးတွင် ငွေကျပ်သိန်း ၈,၈၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ ကြောင်း သိရသည်။

ဇွန်လ ၁၆ ရက်နေ့ ညနေ၄နာရီ အချိန်က ကလေးမြို့နယ်၊ အေးသာယာကျေးရွာအနီးတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒါးလ်ဆွင်းခွါလ်(ခ)ခွါလ်ပီး မောင်းနှင်ပြီး ရဲရင့်အောင် လိုက်ပါလာသည့် NISSAN အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူ အလေးချိန် ၂၂ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၈,၈၀၀)၊ မြန်မာငွေကျပ် ၁ သိန်းနှင့် လက်ကိုင်ဖုန်း ၄ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်း​နေ့ ည၈နာရီအချိန်ခန့်က အဆိုပါ ဘိန်းဖြူများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ မလဲင့်ဆွေဗုန်(ခ)ဗွီးသဲ အား ကလေးမြို့၊ သဇင်ရပ်ကွက်တွင်မော်တော်ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဘိန်းဖြူများ သယ်ဆောင်ရောင်းဝယ်သူများဖြစ်သည့် ဒါးလ်ဆွင်းခွါလ်(ခ)ခွါလ်ပီး(၃၄)နှစ်၊ ရဲရင့်အောင်(၂၂)နှစ် နှင့် မလဲင့်ဆွေဗုန်(ခ)ဗွီးသဲ(၄၄)နှစ်တို့အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။