အိန္ဒိယနိုင်ငံ လတ်ခ်နောင်းမြို့ရှိ အန်နီမေးရှင်းစတူဒီယိုနှင့် စာကြည့်တိုက်ရှိရာ သုံးထပ်အဆောက်အအုံ မီးလောင်မှုဖြစ်ပွား၊ ကျောင်းသားအများစုအပါအဝင် အနည်းဆုံး ၁၄ ဦး သေဆုံး        

(နိုင်ငံတကာ) ဇွန် ၂၃      

    အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရပဒေသ (Uttar Pradesh) ပြည်နယ်၏ မြို့တော်ဖြစ်သော လတ်ခ်နောင်း (Lucknow) မြို့ရှိ သုံးထပ်စီးပွားရေးလုပ်ငန်းသုံး အဆောက်အအုံတစ်ခုတွင် မနေ့က ဇွန်လ ၂၂ ရက် (တနင်္လာနေ့) တွင် ပြင်းထန်သော မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ကောလိပ်ကျောင်းသားအများစုအပါအဝင် အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။                          

     မီးလောင်မှုသည် လူနေရပ်ကွက်တစ်ခုအတွင်း တည်ရှိသည့် အဆိုပါ သုံးထပ်အဆောက်အအုံ၏ အလယ်ထပ်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုအဆောက်အအုံ၏ အထပ်တစ်ခုတွင် ကောလိပ် ကျောင်းသားများ စုဝေးရာ စာကြည့်တိုက်နှင့် အန်နီမေးရှင်းစတူဒီယိုတစ်ခု တည်ရှိပြီး အခြားအထပ်တစ်ခုတွင် တိရစ္ဆာန်ဆေးကုခန်းတစ်ခု ဖွင့်လှစ်ထားခြင်းဖြစ်သည်။

    ပြည်နယ်ဒုတိယဝန်ကြီးချုပ် ဘရာဂျက်ရှ် ပါသတ်ခ် (Brajesh Pathak) က သတင်းထောက်များကို ပြောကြားရာ၌ “ဒီဖြစ်စဉ်ကြောင့် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတွေက ကလေး ၁၄ ဦး သေဆုံးခဲ့ရပါတယ်” ဟု ဆိုကာ ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အချို့သော ဒေသတွင်းသတင်းများတွင် သေ ဆုံးသူ ၁၅ ဦးအထိ ရှိနေကြောင်း ဖော်ပြကြပြီး သေဆုံးသူအား လုံး ကျောင်းသားများ ဟုတ်မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

  မျက်မြင်သက်သေများ၏ ပြောကြားချက်နှင့် လူမှုကွန်ရက်ပေါ်ရှိ ဗီဒီယိုဖိုင်များအရ မီးလောင်ချိန်တွင် အဆောက် အအုံအတွင်း ပိတ်မိနေသူများသည် ကျိုးပဲ့နေသော ပြတင်း ပေါက်များမှတစ် ဆင့် အပြင်သို့ တွားသွားတက်ရောက်ကာ အသက်လုခဲ့ကြရပြီး အမျိုးသားတစ်ဦးမှာ အပေါ်ထပ်မှ ပြုတ်ကျခဲ့သော်လည်း အသက်ဘေးမှလွတ်မြောက်ကာ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

     ကယ်ဆယ်ရေးလုပ်ငန်းစဉ်အတွင်း ထူထပ်လှသော မီးခိုးငွေ့များကြောင့် အခန်းတွင်းပိတ်မိနေသူများကို ရှာဖွေရန် ခက်ခဲခဲ့သဖြင့် မီးသတ်သမားများသည် အဆောက်အအုံ၏ နံရံတစ်ခုကို ဖြိုဖျက်ကာ အတွင်းသို့ အတင်းဝင်ရောက်ခဲ့ရပြီး လေစုပ်စက်များဖြင့် မီးခိုးငွေ့များကို ဖယ်ရှားခဲ့ရသည်။

     စတူဒီယိုဝန်ထမ်းတစ်ဦးက နေ့လယ်စာစားပြီး ပြန်လာချိန်တွင် မီးလောင်မှုကို စတင်သတိပြုမိခြင်းဖြစ်ပြီး ချက်ချင်းထွက် ပြေးရန် ကြိုးပမ်းခဲ့သော်လည်း စက္ကန့်ပိုင်းအတွင်း လမ်းများနှင့် အခန်းများထဲ၌ မီးခိုးငွေ့များ ပြည့်နှက်သွားခဲ့ကြောင်း ပြောကြားခဲ့သည်။                             

     အိန္ဒိယနိုင်ငံတွင် ဘေးကင်းလုံခြုံရေး စည်းမျဉ်းများကို လျစ် လျူရှုခြင်း၊ မီးသတ်ကိရိယာ အလုံအလောက်မရှိခြင်းနှင့် စနစ် တကျ ပြုပြင်ထိန်းသိမ်းထားခြင်း မရှိသည့် လျှပ်စစ်ဝါယာကြိုးများကြောင့် ဖြစ်ပွားရသော လျှပ်စစ်ဝါယာရှော့ခ် (Short circuit) ဖြစ်မှုများသည် အဆောက်အအုံ မီးလောင်မှုများကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းရင်း ဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။                                 

Telegram»…
https://t.me/positiveanglenews

#PAN