
(နိုင်ငံတကာ) ဇွန် ၂၀
ဝိုင်းရံပိတ်ဆို့ခံထားရသည့် ဂါဇာကမ်းမြောင်ဒေသ ဂါဇာစီးတီးရှိ လူနေရပ်ကွက်တစ်ခုကို စနေနေ့နံနက်အစောပိုင်းတွင် အစ္စရေးစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိဘနှစ်ပါးနှင့် သမီးငယ်နှစ်ဦးအပါအဝင် အရပ်သားအနည်းဆုံး ၅ ဦး သေဆုံးသွားခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ သတင်းမြစ်များကို ကိုးကား၍ ဝါဖာ (Wafa) သတင်းဌာနက ဖော်ပြသည်။
ဒေသစံတော်ချိန် စနေနေ့ နံနက် ၂ နာရီခန့်တွင် ဂါဇာစီးတီး အယ်လ်သလာသီနီ(al-Thalatini)လမ်းပေါ်ရှိ လူနေအဆောက် အအုံတစ်ခုကို အစ္စရေးရုံးကက်ဒုံးကျည်တစ်ခု တိုက်ရိုက်ထိမှန်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် ဖခင်ဖြစ်သူနှင့်အတူ ၎င်း၏သမီးငယ်နှစ်ဦးဖြစ်ကြသည့် အသက် ၄ နှစ်အရွယ် ဇီနာ (Zina) နှင့် အသက် ၁၄ နှစ်အရွယ် လာနာ (Lana) တို့မှာ အခင်း ဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် မိခင်ဖြစ်သူမှာလည်း စနေနေ့နောက်ပိုင်းတွင် ဆေးရုံ ၌ ကွယ်လွန်သွားခဲ့သဖြင့် မိသားစုတစ်ခုလုံး အသက်ဆုံးရှုံးခဲ့ရသည်။
ဒဏ်ရာရရှိခဲ့သည့် ၎င်းတို့၏ ဆွေမျိုးတော်စပ်သူ အရပ်သား မိုဟမ္မဒ် ဆာဖာဒီ (Mohammad Safadi) က “ကျွန်တော် အိမ်မှာ ထိုင်နေတုန်း ရုံးကက်ဒုံးကျည်က ဘာကြိုတင်သတိပေးချက်မှမရှိဘဲ ကျလာတာပဲ။ ကျွန်တော်တို့က အရပ်သားတွေပါ၊ ဘယ် တုန်းကမှ လက်နက်မကိုင်ခဲ့ဖူးပါဘူး။ သူတို့ပြောနေတဲ့ အပစ်အခတ်ရပ်စဲရေးဆိုတာ ဒါမျိုးလား” ဟု ရင်နင့်ဖွယ် ပြောကြားခဲ့သည်။
ဂါဇာမြေပြင်မှ သတင်းပေးပို့သည့် အယ်လ်ဂျာဇီးရား သတင်းထောက် တာရက်ခ် အဘူ အက်ဇွမ်း ကလည်း ၎င်းဒေသသည် တိုက်ခိုက်မှုမဖြစ်ပွားမီ မည်သည့် ကြိုတင်သတိပေးချက်မျှ ရရှိခဲ့ခြင်းမရှိကြောင်းနှင့် ဒါဟာ ဂါဇာမှာ တစ်ရက်ထက်တစ်ရက် ပိုမိုဆိုးရွားလာနေတဲ့ ရင်နင့်စရာ လက်တွေ့မြေပြင်အခြေအနေဖြစ်ကြောင်း အတည်ပြုထားသည်။
ထို့ပြင် သောကြာနေ့ညနေပိုင်းကလည်း ခန်းယူနစ် (Khan Younis) မြို့တွင် စစ်ဘေးရှောင်တဲများကို အစ္စရေးက လေ ကြောင်းမှ ပစ်မှတ်ထားခဲ့သဖြင့် လူ ၅ ဦး ဒဏ်ရာရခဲ့သလို၊ ဂါဇာတောင်ပိုင်း ကမ်းရိုးတန်းအလွန်ရှိ အစ္စရေးရေတပ်သင်္ဘောများကလည်း စနေနေ့တွင် ပြင်းထန်သော သေနတ်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလတွင် အမေရိကန်ပြည်ထောင်စုက ကြားဝင်စေ့စပ်ပေးခဲ့သည့် အပစ်အခတ်ရပ်စဲရေးအပြီးမှစ၍ လက်ရှိအချိန်အထိ ဂါဇာတွင် အနည်းဆုံး လူ ၁,၀၀၇ ဦး ထပ်မံသေဆုံးခဲ့ပြီး၊ ၂၀၂၃ ခုနှစ် အောက်တို ဘာလ စစ်ပွဲစတင်ကတည်းကဆိုလျှင် ဂါဇာကမ်းမြောင် ဒေသ၌ သေဆုံးသူပေါင်း အနည်းဆုံး ၇၃,၀၁၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။
လက်ရှိတွင် အစ္စရေးသည် လူဦးရေ ၂.၂ သန်းခန့်ရှိသော ဂါဇာပြည်သူများအတွက် အရေးပေါ်လိုအပ်နေသည့် ရိက္ခာ၊ ဆေး ဝါးနှင့် ခိုလှုံရေးပစ္စည်းများ သယ်ယူဝင်ရောက်မှုကို ဆက်လက်ပိတ်ပင်ကန့်သတ်ထားဆဲဖြစ်သည်။
Telegram»…
https://t.me/positiveanglenews
#PAN