တာချီလိတ်တွင် တရားမဝင်ရွှေတူးဖော်နေသည့် နိုင်ငံခြားသား ၁၉ ဦး ဖမ်းဆီးရမိ၊ ယာဉ်နှင့်စက်ကိရိယာများပါ သိမ်းဆည်း

(မှုခင်း) ဇွန် ၂၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့နယ်ခွဲ၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ ဝမ်လန်းကျေးရွာအနီးတွင် ဇွန် ၁၉ ရက် မွန်းလွဲပိုင်းတွင် တရားမဝင် ရွှေတူးဖော်မှုတွင် ပါဝင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၁၇ ဦးနှင့် လာအိုနိုင်ငံသား ၂ ဦး စုစုပေါင်း ၁၉ ဦးကို ဆက်စပ်စက်ကိရိယာများနှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီခန့်တွင် ဝမ်လန်းကျေးရွာ၏ တောင်ဘက် မီတာ ၄၅၀ ခန့်အကွာရှိ နေရာတွင် ရွှေတူးဖော်ရန် ပြင်ဆင်ထားသည့် ရွှေမျောဖောင် ၁ စီးပေါ်မှ တရုတ်နိုင်ငံသား အမျိုးသား ၁၁ ဦးနှင့် လာအိုနိုင်ငံသား ၁ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် အဆိုပါနေရာမှ အနောက်တောင်ဘက် မီတာ ၆၀၀ ခန့်အကွာရှိ နေရာတွင် ရွှေမျောဖောင် ၁ စီးပေါ်မှ တရုတ်နိုင်ငံသား ၆ ဦးနှင့် လာအိုနိုင်ငံသား ၁ ဦးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း တရုတ်နိုင်ငံသား ၁၇ ဦးနှင့် လာအိုနိုင်ငံသား ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်။

ဖမ်းဆီးရမိရာတွင် ဂတ်စ်အိုး ၂ လုံး၊ လေအိုးအရှည် ၁၃ လုံး၊ ဒိုင်နမို ၂ လုံး၊ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ရာဘာပြား ၁ လိတ်၊ GUANXI YUCHAI ENGINE ဒိုင်နမိုတွဲလျက် မီးစက် ၁ လုံး၊ အလျား ၁၂၀ ပေ၊ အနံ ၃၇ ပေ၊ အခန်း ၆ ခန်းပါ ဆောက်လုပ်ဆဲ ရွှေမျောစင် ၁ ခုနှင့် STRAIONARY DIESEL ENGINE RATE POWER 250 အမျိုးအစား မီးစက် ၁ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

သိမ်းဆည်းရမိသည့် တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုမည့် ပစ္စည်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံခြင်းနှင့် စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသအချို့တွင် တရားမဝင် သယံဇာတတူးဖော်မှုများကြောင့် နိုင်ငံ၏ သယံဇာတဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည့်အပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ၊ မြစ်ချောင်းများ တိမ်ကောပျက်စီးမှုများ၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ခြင်း၊ ပြည်သူများ၏ နေထိုင်မှုနှင့် ကျန်းမာရေးအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်နိုင်ခြင်းတို့ကြောင့် တရားမဝင် သယံဇာတတူးဖော်မှုများအား ထိထိရောက်ရောက် အရေးယူရှင်းလင်းသွားမည်ဖြစ်ပြီး ဥပဒေနှင့်အညီ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

#PAN