(မှုခင်း) ဇွန် ၂၀
ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် တရားမဝင် ၇ ထပ် လူနေအဆောက်အအုံ ၁ လုံးကို စနစ်တကျ ဖောက်ခွဲ၍ ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ စုစုပေါင်း ၇၇ လုံးကို ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးဟူ၍ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားပြီး စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဖောက်ခွဲ၍ ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၂၀ လုံးအနက် ၇ ထပ် လူနေအဆောက်အအုံ ၁ လုံးကို ထပ်မံဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များအနေဖြင့် ယနေ့အထိ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများတွင် အသုံးပြုခဲ့သည့် တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၁ လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖျက်ဆီးရန် ကျန်ရှိနေသည့် တရားမဝင် အဆောက်အအုံ ၁၆ လုံးကိုလည်း ဆက်လက်၍ စနစ်တကျ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူ၍ မြန်မာနိုင်ငံအတွင်း လုံးဝ အခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများနှင့်အတူ အိမ်နီးချင်းနိုင်ငံများနှင့်လည်း ပူးပေါင်းညှိနှိုင်းကာ တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN