
(နိုင်ငံတကာ) ဇွန် ၂၀
အမေရိကန်နှင့် အီရန်တို့အကြား ရရှိသွားသည့် သမိုင်းဝင် စစ်ရပ်စဲရေး နားလည်မှုစာချွန်လွှာ(MoU)ကြောင့် အစ္စရေးနိုင်ငံရေးလောကအတွင်း ဒေါသထွက်မှုနှင့် စိုးရိမ်ပူပန်မှုများ အပြင်းအထန် မြင့်တက်နေပြီး၊ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု အနေဖြင့် အမေရိကန်နှင့် ရင်ဆိုင်ရမည့် နိုင်ငံရေးအကျပ် အတည်းကို ရှောင်လွှဲရန် အချိန်ဆွဲသည့် ဗျူဟာကို အသုံးပြုနေကြောင်း လေ့လာဆန်းစစ်သူများနှင့် အစ္စရေးလွှတ်တော်အမတ်အချို့က ထောက်ပြလိုက်ကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်သည် အစ္စရေး၏ ပါဝင်ပတ်သက်မှု တစ်စုံတစ်ရာမရှိဘဲ အီရန်နှင့် သဘောတူညီချက် ရယူခဲ့ခြင်းဖြစ်ပြီး၊ ယင်းစာချုပ်အရ အီရန်အတွက် ဒေါ်လာ ဘီလီယံ ၃၀၀ တန် ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ဖန်တီးပေးရန်နှင့် လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးတွင် စစ်ရေးလှုပ် ရှားမှုများကို အပြီးတိုင် ရပ်စဲရန် အမေရိကန်က ကတိပြုခဲ့သည်။
အစ္စရေးသည် ထိုသဘောတူညီချက်အပေါ် မကျေနပ်သဖြင့် လက်ဘနွန်ကို ချက်ချင်းဆိုသလို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ် သား ၄၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ အစ္စရေးလက်ယာစွန်း အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာက “လက်ဘနွန်တစ်ခုလုံး မီးလောင်ပျာကျရမည်” ဟုအထိ ကြွေးကြော်ခဲ့သည်။
သို့သော်လည်း MoU ပျက်ပြားသွားမည်ကို စိုးရိမ်သည့် ဝါရှင်တန်၏ ပြင်းထန်သော ဖိအားပေးမှုကြောင့် သောကြာ နေ့ညနေပိုင်းတွင် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား အပစ်ရပ်စဲရေးတစ်ခုကို သဘောတူခဲ့ရသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အစ္စရေးလွှတ်တော်အမတ် အိုဖာ ကာဆစ်ဖ် (Ofer Cassif)က “နေတန်ယာဟုနဲ့ သူ့ရဲ့အစိုးရအဖွဲ့ဟာ လုံခြုံရေးနဲ့ ကာကွယ်ရေးခေါင်းစဉ်အောက်ကနေ ပြည်သူတွေကို ဇာတ်လမ်းဆင် လိမ်လည်ရောင်းချနေတာပါ။ သူတို့ တကယ်စိတ်ဝင်စားတာက အမေရိကန်-အီရန် သဘောတူညီချက်ကို နှောင့်ယှက်ဖို့နဲ့ ဖျက်ဆီးပစ်ဖို့ပဲ ဖြစ်ပါတယ်။ ဖျက်ဆီးရေးဟာ သူတို့ရဲ့ တကယ့်ပန်းတိုင်ပါပဲ” ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
နိုင်ငံရေးဆန်းစစ်သူ ဒါလီယာ ရှိန်ဒလင် ကလည်း နေတန်ယာဟု ကတိပေးခဲ့သည့် စစ်ရေးပန်းတိုင်တစ်ခုမှ မအောင်မြင်ဘဲ စစ်ပွဲပြီးဆုံးသွားသည့်အတွက် အစ္စရေးပြည်သူများအကြား စိတ်ပျက်မှု နက်နက်ရှိုင်းရှိုင်း ရှိနေကြောင်း သုံးသပ်ထားသည်။

အခြားတစ်ဖက်တွင်လည်း အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်က အစ္စရေးအစိုးရအဖွဲ့အတွင်းရှိ လက်ယာစွန်းဝန်ကြီးများကို တိုက်ရိုက်ရည်ညွှန်းလျက် “လက်ရှိကမ္ဘာမှာ ဒေါ်နယ်ထရမ်ပ်ဟာ အစ္စရေးအပေါ် စာနာတဲ့ တစ်ဦးတည်းသော နိုင်ငံအကြီးအကဲပါ။ ကျွန်တော်သာ အစ္စရေးအစိုးရအဖွဲ့မှာဆိုရင် ကမ္ဘာပေါ်မှာ ကျွန်တော့်အတွက် ကျန်ရှိနေတဲ့ တစ်ခုတည်းသော အင်အားကြီးမားတဲ့ မဟာမိတ်ကို သွားပြီး တိုက်ခိုက် (ရန်ရှာ) နေမှာမဟုတ်ဘူး” ဟု လူသိရှင်ကြား ပြင်းထန်စွာ သတိပေးခဲ့သည်။
Chatham House မှ ကျွမ်းကျင်သူ ယိုစီ မက်ကဲဘာ့ဂ် ကလည်း အမေရိကန် သမ္မတ သို့မဟုတ် ဒုသမ္မတတစ်ဦးက အစ္စ ရေးအပေါ် ယခုကဲ့သို့ ပြတ်သားပြင်းထန်သော စကားလုံးမျိုးဖြင့် ဝေဖန်ခဲ့သည့် သမိုင်းကြောင်း မရှိခဲ့ဖူးဟု ဆိုကာ၊ နေတန်ယာဟုအနေဖြင့် အမေရိကန်နှင့် တကယ့်အကွဲအပြဲကို အဖြစ်မခံနိုင်သဖြင့် လာမည့်ရွေးကောက်ပွဲအထိ အချိန်ဆွဲသည့် နည်းလမ်းဖြင့်သာ ဖြတ်သန်းရတော့မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN