တနင်္သာရီတိုင်းမှ ရေထွက်ကုန်တင်ပို့မှု ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၈၇ သန်းကျော်ရရှိ၊ တန်ဖိုးမြှင့်ထုတ်ကုန်နှင့် လေကြောင်းတိုက်ရိုက်ပို့နိုင်ပါက ဝင်ငွေ (၄) ဆအထိ တိုးနိုင်ဟုဆို

(ပြည်တွင်း)ဇွန် ၂၀

     ​​မြန်မာနိုင်ငံ၏ ပင်လယ်စာအများဆုံး တင်ပို့ရာဒေသဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးသည် ပြီးခဲ့သည့် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈၇ ဒသမ ၉၇၁ သန်း ရရှိခဲ့ကြောင်း သိရသည်။
​
     တနင်္သာရီတိုင်းဒေသကြီး၏ နှစ်အလိုက် ပင်လယ်စာတင်ပို့မှုရငွေများမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၁၂ ဒသမ ၅၂၅ သန်း၊ ၂၀၂၁-၂၀၂၂ တွင် ဒေါ်လာ ၂၇၂ ဒသမ ၀၂၆ သန်း၊ ၂၀၂၂-၂၀၂၃ တွင် ဒေါ်လာ ၂၃၂ ဒသမ ၁၈၉ သန်း၊ ၂၀၂၃-၂၀၂၄ တွင် ဒေါ်လာ ၂block-၃၅၅ သန်းနှင့် ၂၀၂၄-၂၀၂၅ တွင် ဒေါ်လာ ၃၀၃ ဒသမ ၆၂၈ သန်း အသီးသီး ရရှိခဲ့သည်။

     ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် ပို့ကုန်ရငွေ အနည်းငယ် လျော့နည်းသွားရခြင်းမှာ ကမ္ဘာ့စီးပွားရေး အခြေ အနေများနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကြုံတွေ့ရသည့် စက်သုံးဆီရရှိမှု အခက်အခဲများကြောင့် ဖြစ်ကြောင်း သိရသည်။
​
     လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှ ထွက်ရှိသည့် ပုစွန်များကို ထိုင်းနိုင်ငံသို့ အရင် တင်ပို့ပြီး၊ ထိုမှတစ်ဆင့် တရုတ်နိုင်ငံသို့ လေကြောင်းဖြင့်လည်းကောင်း၊ ဂျပန်နိုင်ငံသို့ ရေကြောင်းဖြင့်လည်းကောင်း တင်ပို့လျက်ရှိသည်။
​
     တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုးက “ငါးနဲ့ ပုစွန်တွေကို အေးခဲစနစ်အစား အရှင်အတိုင်း တင်ပို့နိုင်ရင် ဝင်ငွေ နှစ်ဆမက ပိုရနိုင်ပါတယ်။ ရေကြောင်းတစ်ခုတည်းကို အားကိုးမယ့်အစား လေ ကြောင်း ကုန်စည်ပို့ဆောင်ရေးနဲ့ တိုက်ရိုက်တင်ပို့နိုင်ရင် ပို့ကုန်ရငွေဟာ ၃ ဆကနေ ၄ ဆအထိ တိုးတက်လာနိုင်ပါတယ်။ ကုန်ကြမ်းကနေ တန်ဖိုးမြှင့်ထုတ်ကုန်တွေအဖြစ် ပြောင်းလဲပြီး လေကြောင်းတိုက်ရိုက် တိုးချဲ့ပို့နိုင်မယ်ဆိုရင် မြန်မာ့ရေထွက်ကုန်ကဏ္ဍ ခေတ်သစ်တစ်ခုကို ရောက်ရှိသွားမှာပါ” ဟု ပြောကြားခဲ့သည်။
​
     ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ရေလုပ်ငန်းမွေး မြူရေးကဏ္ဍ(Aquaculture) တစ်ခုတည်းမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၁၉၃ သန်း ရရှိခဲ့သည်။ ပုစွန်မွေးမြူရေး မှ ဒေါ်လာ ၄၈ ဒသမ ၀၀၃ သန်း၊ ငါးမွေးမြူ ရေး မှ ဒေါ်လာ ၂ ဒသမ ၀၃၂ သန်း၊ ဂဏန်းပျော့မွေးမြူ ရေး မှ ဒေါ်လာ ၁ ဒသမ ၆၈၉ သန်း၊ ခရုမွေးမြူရေး မှ ဒေါ်လာ ၀ ဒသမ ၄၂၄ သန်း၊ ရေမှော်မွေးမြူရေး မှ ဒေါ်လာ ၀ ဒသမ ၀၄၅ သန်း တို့ ဖြစ်ကြသည်။
​
     လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း ရေထွက်ကုန် ပိုမိုထုတ် လုပ်နိုင်ရန်၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန် တီးပေးရန်နှင့် ရေလုပ်သားမိသားစုများ၏ လူနေမှုဘဝ မြှင့်တင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံငါးလုပ် ငန်းအဖွဲ့ချုပ်တို့ ပူးပေါင်းကာ ရေလုပ်ငန်းမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN