မြောက်ကိုရီးယား၏ နျူကလီးယားအစီအစဉ်အပေါ် ချဉ်းကပ်ပုံအသစ်ဖြင့် လုပ်ဆောင်ရန် ထရမ်ပ် အရိပ်အမြွက်ပြောကြား

(နိုင်ငံတကာ) ဇွန် ၁၉

     ​​အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်နိုင်ငံနှင့် စစ်ပွဲအဆုံးသတ်ရေး အကြိုနားလည်မှုစာချွန်လွှာ (MoU) ရရှိခဲ့ပြီးနောက်၊ သမ္မတ ဒေါ်နယ်ထရမ်ပ်သည် ၎င်း၏နောက်ထပ် နိုင်ငံ ခြားရေးမူဝါဒ အာရုံစိုက်မှုကို မြောက်ကိုရီးယား၏ နျူကလီး ယားအစီအစဉ်ဘက်သို့ ပြောင်းလဲရန် ပြင်ဆင်နေကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေမျွန်း (Lee Jae Myung) က ထုတ်ဖော်ပြောကြားလိုက်သည်။

     ဂျီဆဲဗင်း (G7) ထိပ်သီးအစည်းအဝေး ညစာစားပွဲ၌ သမ္မတ ထရမ်ပ်က “မြောက်ကိုရီးယားကိစ္စကို အာရုံစိုက်ရမယ့် အချိန်ရောက်လာပြီ” ဟု မိမိအား တိုက်ရိုက်ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားသမ္မတက သတင်းစာရှင်း လင်းပွဲတွင် ထည့် သွင်းပြောဆိုခဲ့သည်။ ယင်းမှတ်ချက်သည် ဝါရှင်တန်အနေဖြင့် ပြုံးယမ်း၏ နျူကလီးယားစွမ်းဆောင်ရည်အပေါ် ချဉ်းကပ်ပုံအသစ်ဖြင့် ပြန်လည်ကိုင်တွယ်တော့မည့် အချက်ပြမှုတစ်ခု ဖြစ် လာနိုင်သည်။

     သို့သော်လည်း သမ္မတ လီဂျေမျွန်းက မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် နိုင်ငံတကာပိတ်ဆို့အရေးယူမှုများ သည် လက်ရှိတွင် “ထိရောက်မှုမရှိတော့ကြောင်း” ထရမ်ပ်အား သတိပေးခဲ့သည်။ အထူးသဖြင့် ပြုံးယမ်းနှင့် မော်စကိုအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာနေပြီး ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားက ရုရှားထံ စစ်တပ်နှင့် ခဲယမ်းများ ကူညီပေးနေမှုကို ထောက်ပြကာ “ရုရှားထံကရတဲ့ အကူ အညီအနည်းငယ်ဟာတောင် မြောက်ကိုရီးယားအတွက် အလွန် အမင်း အထောက်အကူဖြစ်စေပါတယ်” ဟု လီက ဆိုသည်။

     ထို့ပြင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် မကြာသေးမီက တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ပြုံးယမ်း၌ လက်ခံတွေ့ဆုံခဲ့ပြီး၊ ထိုတွေ့ဆုံမှုတွင် နျူကလီးယားဖျက်သိမ်းရေးကိစ္စကို တစ်လုံးတစ်ပါဒမျှ ထည့်သွင်းပြောဆိုခြင်း မရှိခဲ့ကြပေ။ ယင်းအခြေအနေကို တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယား၏ နျူကလီးယားပိုင်ဆိုင်မှုကို ဆိတ်ဆိတ်နေ၍ အသိအမှတ်ပြု လက် ခံလိုက်ခြင်းဖြစ် ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

     ၂၀၁၉ ခုနှစ် ဟနွိုင်းထိပ်သီးအစည်းအဝေး ပျက်ပြားခဲ့ပြီးကတည်းက မြောက်ကိုရီးယားသည် ၎င်းကိုယ်ပိုင် နျူ ကလီးယားဗုံးသုံးလောင်စာစက်ရုံသစ်များကို ပြသကာ “နောက် ကြောင်းပြန်မလှည့်နိုင်သော” နျူကလီးယားနိုင်ငံအဖြစ် ကြေ ညာထားခဲ့သည်။

     သမ္မတထရမ်ပ်သည် ပြီးခဲ့သည့်နှစ် အာရှခရီးစဉ်အတွင်း ကင်ဂျုံအန်းနှင့် တွေ့ဆုံရန် “၁၀၀ ရာခိုင်နှုန်း” အဆင်သင့်ရှိကြောင်း ကမ်းလှမ်းခဲ့သော်လည်း တုံ့ပြန်မှုမရရှိခဲ့ပေ။

     သို့သော်လည်း တနင်္ဂနွေနေ့က ထရမ်ပ်သည် ၂၀၁၈ ခုနှစ်က ကင်ဂျုံအန်းနှင့် စင်ကာပူတွင် တွေ့ဆုံခဲ့သည့် ဓာတ်ပုံဟောင်းကို လူမှုကွန်ရက်ပေါ်၌ စာသားတစ်စုံ တစ်ရာမပါဘဲ ပြန်လည်တင်ခဲ့ပြီး၊ ဆယ်စုနှစ်များစွာကြာ ကျင့်သုံးခဲ့သည့် အမေရိကန်မူဝါဒကို ကျော်လွန်ကာ မြောက်ကိုရီးယားသည် “နျူကလီးယားအင်အားနိုင်ငံတစ်မျိုး ဖြစ်သည်” ဟု ဝန်ခံပြောဆိုထားရာ၊ ထရမ်ပ်အစိုး ရအဖွဲ့၏ မြောက်ကိုရီးယားအပေါ် ချဉ်းကပ်လာမည့် မဟာဗျူ ဟာအသစ်သည် အာရှပစိဖိတ်ဒေသတွင်း လုံခြုံရေးအတွက် စောင့်ကြည့်ရမည့် အဓိကအချက် ဖြစ်လာသည်။

Telegram»…
https://t.me/positiveanglenews

#PAN