လက်ဘနွန်အရေးက အမေရိကန်-အီရန် သဘောတူညီချက်ကို စမ်းသပ်နေစဉ် ထရမ်ပ်အနေဖြင့် နေတန်ယာဟုကို ထိန်းချုပ်ရမည်ဟု ဆန်းစစ်လေ့လာသူများပြော

(နိုင်ငံတကာ) ဇွန် ၂၀

     ​​အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ရရှိထားသည့် သမိုင်းဝင် အကြိုနားလည်မှုစာချွန်လွှာ(MoU)သည် အစ္စ ရေး၏ လက်ဘနွန်ကျူးကျော်စစ်ကြောင့် အကြီးမားဆုံး စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပြီး၊ သမ္မတ ဒေါ်နယ်ထရမ်ပ်အနေဖြင့် အစ္စ ရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို ထိန်းချုပ်ရန် နိုင်ငံ တကာ ဆန်းစစ်လေ့လာသူများက တိုက်တွန်းလိုက်ကြသည်။

     အမေရိကန်-အီရန် MoU တွင် လက်ဘနွန်အပါအဝင် စစ် မျက်နှာအားလုံး၌ စစ်ရေးလှုပ်ရှားမှုများကို အပြီးတိုင် ရပ်စဲရန် အတိအလင်း ပြဋ္ဌာန်းထားသော်လည်း၊ အစ္စရေးစစ်တပ်သည် လက်ဘနွန်နယ်မြေ ၂၀ ရာခိုင်နှုန်းခန့်ကို ဆက်လက်သိမ်းပိုက်ထားပြီး သေကြေပျက်စီးစေသော ဗုံးကြဲမှုများကို လုပ်ဆောင်နေဆဲ ဖြစ်သည်။

     ပြီးခဲ့သည့်ညက အစ္စရေး၏ ဗုံးကြဲမှုကြောင့် အရပ်သား ဒါဇင်နှင့်ချီ သေဆုံးခဲ့ရပြီးနောက်၊ သောကြာနေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် အမေရိကန်နှင့် အီရန်တို့အကြား အပစ်ရပ်စဲရေး နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲများကိုပင် ရွှေ့ ဆိုင်းလိုက်ရသည်။ အီရန်အစိုးရနှင့် ဟစ်ဇ်ဘိုလာအဖွဲ့တို့က လက်ဘနွန်အပေါ် တိုက်ခိုက်မှုများ မရပ်တန့်ပါက အပစ်ရပ်စာချုပ်ကို နောက်ဆုံးအဆင့်အထိ အတည်ပြုမည်မဟုတ်ကြောင်း တုံ့ပြန်ထားသည်။

     ယခုတစ်ကြိမ်တွင်မူ ဝါရှင်တန်အိမ်ဖြူတော်သည် အစ္စရေးဘက်မှ အကာအကွယ်ပေးခြင်း မရှိတော့ဘဲ ထရမ်ပ်နှင့် ဗန့်စ်တို့က ပြင်းထန်သော သတိပေးချက်များကို လူသိရှင်ကြား ထုတ် ဖော်ပြောဆိုလာကြသည်။

     သမ္မတ ထရမ်ပ်က “လက်ဘနွန်၊ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးအပါအဝင် စစ် မျက်နှာအားလုံးမှာ အပြည့်အဝ အပစ်အခတ်ရပ်စဲရေးကို မျှော်လင့်တယ်” ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့ပြီး၊ ဒုသမ္မတ ဂျေဒီဗန့်စ်ကလည်း “ဘေရွတ်မြို့က အရပ်သားတွေ သေဆုံးနေရတာဟာ လက်ခံနိုင်စရာမရှိဘူး။ ခင်ဗျားတို့ဟာ လူဦးရေ ၉ သန်းပဲရှိတဲ့ နိုင်ငံတစ်ခုပါ။ အမျိုးသားလုံခြုံရေးပြဿနာတိုင်းကို လူတွေအကုန်လိုက်သတ်တဲ့ နည်းလမ်းတစ်ခုတည်းနဲ့ ဖြေရှင်းလို့မရဘူး” ဟု အစ္စရေးအစိုးရကို ပြင်းပြင်း ထန်ထန် ပြစ်တင်ဝေဖန်ခဲ့သည်။

     နိုင်ငံရေးလေ့လာဆန်းစစ်သူ ထရီတာ ပါဆီ (Trita Parsi) က ဝါရှင်တန်၏ ယခုသတိပေးချက်သည် ပုံမှန်ထက် ပိုမိုပြင်း ထန်ပြီး အမေရိကန်-အစ္စရေး ဆက်ဆံရေးပုံစံ ပြောင်းလဲတော့မည့် သဘောဖြစ်ကြောင်း၊ ထရမ်ပ်သည် ယခုငြိမ်းချမ်းရေး စာချုပ်ကို ၎င်း၏ အဓိက သမိုင်း ဝင်အမွေအနှစ်အဖြစ် ရှုမြင်ထားသဖြင့် ယင်းကို ဖျက်ဆီးမည့်သူမှန်သမျှကို တိုက်ပွဲဝင်သွားရန် ပြင်ဆင်ထားကြောင်း သုံးသပ်သည်။

     နိုင်ငံတကာမူဝါဒစင်တာ (CIP) မှ မက်သရူး ဒပ်စ် (Matthew Duss) ကလည်း “နေတန်ယာဟုဟာ ဂါဇာကော အီရန်အရေးမှာပါ ငြိမ်းချမ်းရေးမရနိုင်အောင် အဓိက အဟန့်အတားဖြစ်ခဲ့သူပါ။ အခုမေးခွန်းကတော့ အစ္စရေးဝန်ကြီးချုပ် ဆိုးသွမ်းနေတဲ့အခါ လက်တွေ့ကျတဲ့ စစ်ရေး၊ သံတမန်ရေး ဖိအားတွေပေးပြီး ထိန်းချုပ်မယ့် အမေရိကန်သမ္မတတစ်ဦးကို ကျွန်တော်တို့ နောက်ဆုံးမှာ ရရှိပြီလားဆိုတာပါပဲ” ဟု ပြောကြားခဲ့သည်။

     အကယ်၍ အမေရိကန်က အစ္စရေးကို မထိန်းချုပ်နိုင်ပါက ပိုမိုကျယ်ပြန့်သော စစ်ပွဲအတွင်းသို့ ပြန်လည်ဦးတည်သွားနိုင်ပြီး အစ္စရေးအနေဖြင့် အထီးကျန်ဘဝနှင့် ရင်ဆိုင်ရနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN