မြန်အောင်မြို့နယ် မမြရေလှောင်တမံ ဆည်ဘောင်နိမ့်ကျမှုဖြစ်ပွား၊ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေ

(ပြည်တွင်း) အောက်တိုဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၏ ဆည်ဘောင်တစ်နေရာတွင် မြေသားနိမ့်ကျမှု ထပ်မံဖြစ်ပွားခဲ့သဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက သွားရောက်စစ်ဆေးပြီး ဆည်ဘောင်ကြံ့ခိုင်ရေးအတွက် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောက်တိုဘာ ၉ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာအုပ်စု၊ မျှင်ဝါးတောင်ကျေးရွာအနီးရှိ မမြရေလှောင်တမံ၏ ဆည်ဘောင်အတွင်းဘက် ဆည်တမံထိပ်ပြင်လွှာ ကျောက်စီနံရံဆင်ခြေလျှောတွင် မြေသားနိမ့်ကျမှု ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေရာသည် အလျားပေ ၅၀ ခန့်၊ အနံ ၄ ပေခွဲခန့်ရှိပြီး ယခင်က မြေသား ၆ လက်မခန့် လျှောအိကျခဲ့သည့်နေရာတွင် နောက်ထပ် ၂ လက်မခန့် နိမ့်ကျမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး (၉) ရန်ကုန်မှ တာဝန်ရှိသူများ၊ မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှတာဝန်ရှိသူများမှာ ထပ်မံစစ်ဆေးခဲ့ကြရာ ဖြစ်စဉ်ဖြစ်ပွားသည့်နေရာ၏ အပေါ်ဘက်ရှိ တမံပေတိုင် ၉၈၀၀ နှင့် ၁၀၀၀၀ ကြား ဆည်ဘောင်ကားလမ်းတွင် အလျားပေ ၂၀၀ ခန့်၊ အကျယ် ၂၄ ပေခန့်ရှိသည့်အနက် ရေသိုလှောင်သည့်ဘက်ခြမ်း ၆ ပေခန့်မှာ မူလအတိုင်းတည်ရှိနေပြီး ကျန် ၁၈ ပေခန့်မှာ ၃ ပေခွဲခန့် နိမ့်ကျနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

မမြရေလှောင်တမံ၏ ရေပြည့်အမှတ်မှာ ၃၁၅ ပေဖြစ်ပြီး လက်ရှိရေအမှတ်မှာလည်း ၃၁၅ ပေရှိကြောင်း သိရပြီး လက်ရှိတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး (၉) ရန်ကုန်မှ ညွှန်ကြားရေးမှူး ဦးတင်မိုးအောင်နှင့်အဖွဲ့က ဆည်ဘောင်ကြံ့ခိုင်မှုရှိစေရန် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN