နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမှုနဲ့ ဖမ်းဆီးခံထားရတဲ့ စာရေးဆရာ တင်ညွန့်နဲ့ သားဖြစ်သူကို ထောင်ဒဏ် ၃ နှစ် ချမှတ်

(ပြည်တွင်း) ဇွန် ၁၈

“အများပြည်သူနဲ့ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်နဲ့လုပ်ဆောင်မှု” ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးခံထားရတဲ့ စာရေးဆရာ တင်ညွန့်နဲ့ သားဖြစ်သူကို ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။

စာရေးဆရာ တင်ညွန့်ကို နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမှုနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ မနက် ၂ နာရီခွဲခန့်က ရန်ကုန်တိုင်း၊ သန်လျင်မြို့က ၎င်းရဲ့နေအိမ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့ပြီးနောက် သားငယ်ဖြစ်သူ နေထွန်းကိုလည်း ဆက်လက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၎င်းတို့နှစ်ဦးကို သန်လျင်ရဲစခန်းမှာ ထိန်းသိမ်းထားရှိခဲ့ပြီး ပုဒ်မ ၅၀၅ (က)နဲ့ သန်လျင်မြို့နယ်တရားရုံးမှာ ရမန်ယူပြီးနောက် အင်းစိန်ထောင်တွင်း တရားရုံးမှာ အမှုဖွင့်လှစ် စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ စာရေးဆရာ တင်ညွန့်နှင့် သားဖြစ်သူတို့ကို ထောင်ဒဏ် ၃ နှစ်စီ ကျခံဖို့ အင်းစိန်အကျဉ်းထောင်ရဲ့ အထူးတရားရုံးက ရုံးချိန်း ၅ ချိန်းမြောက် ဒီကနေ့ ဇွန်လ ၁၈ ရက်နေ့မှာ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

စာရေးဆရာ တင်ညွန့်ဟာ NLD အစိုးရလက်ထက် ကာလအတွင်းမှာ ဖွင့်ချရေးသားခဲ့တဲ့ “ခွေးထိန်းငတာ”၊ “ဗိုလ်ချုပ်တွေကို ကျွန်တော်ညာခဲ့သည်”၊ “ဦးသန်းရွှေ၏ ယတြာများ” စတဲ့ စာအုပ် ၃ အုပ်ကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရသလို သားဖြစ်သူ နေထွန်းမှာတော့ အဆိုပါစာအုပ်တွေကို ထုတ်ဝေခဲ့တာကြောင့် ဖမ်ဆီးခဲ့တာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ထိုဝတ္ထုတွေ ထုတ်ဖော်ရေးသားမှုကိုအကြောင်းပြုပြီး “ကျောင်းဆရာမှတ်တမ်း”စာအုပ်နဲ့ စာရေးဆရာတင်ညွန့်ကို NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ အမျိုးသားစာပေဆုရှင်အဖြစ် ချီးမြှင့်ခဲ့တာလည်း ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ကစလို့ တိုင်းပြည်ရဲ့ အာဏာကို ထိန်းယူခဲ့ရတဲ့ နစကအစိုးရဟာ အဆိုပါစာအုပ် ၃ အုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာတင်ညွန့်ကို ဘယ်လို သတိပေးချက်၊ ဘာအရေးယူမှုမှ မပြုလုပ်ခဲ့ဘဲ ရှိခဲ့ရာကနေ့ ၅ နှစ်ကျော် ၆ နှစ်အတွင်း အချိန်ကာလအတွင်းမှာ ဖမ်းဆီးခဲ့တာကိုလည်း လူအများအပြားက စိတ်ဝင်စားနေခဲ့ကြတာဖြစ်ပါတယ်။

စာရေးဆရာ တင်ညွန့်ဟာ “ပညာတတ် အောက်တန်းစား” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကိုလည်း သူ ဖမ်းဆီးမခံရခင် ရေးသားခဲ့တာရှိခဲ့တာကြောင့် အဆိုပါ ဆောင်းပါးကြောင့် အဖမ်းခံရတာဖြစ်နိုင်တယ်လို့လည်း စာပေနဲ့ နီးစပ်သူတွေက သုံးသပ်နေကြတာလည်း ရှိနေပါတယ်။ ‎

အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ The Voice နေ့စဉ်သတင်းစာရဲ့ အယ်ဒီတာဟောင်းဖြစ်သူ တင်ညွန့်ဟာ “ရိုးမပေါ်ကျတဲ့ မျက်ရည်”ဝတ္ထုစာအုပ်နဲ့ နာမည်ကြီးခဲ့တဲ့ စာရေးဆရာတစ်ဉီးလည်း ဖြစ်ပါတယ်။

#PAN