
(လွှတ်တော်) ဇွန် ၁၇
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့ ဇွန် ၁၇ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀နာရီတွင် ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာယူကာ အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခဲ့ပြီး နဝမနေ့ အစီအစဉ်ကို လွှတ်တော်သို့ တင်ပြခဲ့သည်။ ထို့နောက် အစည်းအဝေး မတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် ကိုယ်စားလှယ်များ၏ တက်ရောက်မှု အခြေအနေများကို မှတ်တမ်းတင်ခဲ့သည်။
ဆက်လက်၍ ကြယ်ပွင့်ပြ မေးခွန်းများကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခဲ့သည်။ မေးခွန်းများတွင် ရေကန်များ ပြန်လည်တူးဖော်ရေး၊ ကျေးလက်လမ်းများ အဆင့်မြှင့်တင်ရေး၊ တံတားများ ပြန်လည်တည်ဆောက်ရေး၊ လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးရေးနှင့် ဓာတ်အားလိုင်း ပြုပြင်ရေးဆိုင်ရာ ကိစ္စရပ်များ ပါဝင်ခဲ့သည်။
ထို့အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကော်မတီတို့၏ ဖွဲ့စည်းမှု၊ အဖွဲ့ဝင်များနှင့် တာဝန်များကို လွှတ်တော်သို့ တင်ပြကာ အတည်ပြုချက် ရယူခဲ့ပြီး ကော်မတီများ ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။
နောက်ဆုံးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နဝမနေ့အစည်းအဝေးကို ရပ်နားကြောင်းနှင့် ဒသမနေ့အစည်းအဝေးကို ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြေညာခဲ့ကြောင်း သိရသည်။