ဘိန်းဖြူ ၅၈ ဂရမ်နှင့်အတူ မူးယစ်ဆေး၀ါးရောင်းဝယ်သူ နှစ်ဦးကို တောင်ကြီးတွင် ဖမ်းဆီး

(မှုခင်း) ဇွန် ၁၇

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့တွင်ဘိန်းဖြူ ၅၈ ဂရမ် နှင့်အတူ မူးယစ်ဆေး၀ါး ရောင်းဝယ်သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၆ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က တောင်ကြီးခရိုင်ရဲတပ်ဖွဲ့နှင့် မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ နယ်မြေ (၄)၊ ရတနာလမ်းမပေါ်၌ ပိတ်ဆို့ရှာဖွေစစ်ဆေးစဉ် ယင်းလမ်းပေါ်တွင် တွေ့ရှိသူ ထက်ဇော်နောင် ထံမှ ဘိန်းဖြူ ၄၈ ဂရမ်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ဖမ်းဆီးရမိသူ ထက်ဇော်နောင် အား စစ်ဆေးမေးမြန်းရာ အဆိုပါ ဘိန်းဖြူ မူးယစ်ဆေးဝါး များအား တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်နေ စိုင်းထွန်း (ခ) ကျော်ထူး (ခ) လီကျူးရင် (ခ) သွားကျိုး ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့နောက် ထွန်းအား ဘိန်းဖြူထပ်မံဝယ်ယူမည့်ပုံစံဖြင့်ချိန်းဆိုခဲ့ပြီး ဟုဆိုကာ တောင်ကြီး မြို့၊ ရေအေးကွင်းရပ်ကွက်၊ ပန်းတင်လမ်းမနှင့် မြစိမ်းတောင် အတက်လမ်းကြားရှိ လူသွားလမ်း၌ တွေ့ဆုံစဥ် ဖမ်းဆီးနိုင်ခဲ့ရာ စိုင်းထွန်း (ခ) ကျော်ထူး (ခ) လီကျူးရင် (ခ) သွားကျိုး အား ရှာဖွေစစ်ဆေးရာ ၎င်းဝတ်ဆင် ထားသည့် ဘောင်းဘီရှည်အိတ်ထောင်အတွင်း မှ မူးယစ်ဆေးဝါး (ဘိန်းဖြူ) အလေးချိန် ၁၀ ဂရမ်ခန့်ကို ထပ်မံ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဘိန်းဖြူ ၅၈ဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ် နှင့် ပတ်သက်၍ ထက်ဇော်နောင် အား တောင်ကြီးမြို့မ ရဲစခန်းတွင်လည်းကောင်း၊ စိုင်းထွန်း (ခ) ကျော်ထူး (ခ) လီကျူးရင် (ခ) သွားကျိုး အား တောင်ကြီးနယ်မြေ ရဲစခန်းတွင်လည်းကောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။