ခေတ်တစ်ခေတ်၏ အက်ကြောင်း – ဂါဇာစစ်ပွဲကြောင့် အစ္စရေးအပေါ် ထားရှိသည့် ကမ္ဘာလုံးဆိုင်ရာ ဂျူးရပ်ဝေးအသိုင်းအဝိုင်း၏ ဘုံသဘောတူညီချက်များ ပြိုပျက်လာ

(နိုင်ငံတကာ) ဇွန် ၁၄

     အစ္စရေးနိုင်ငံက ဂါဇာ၊ လက်ဘနွန်၊ အနောက်ဘက်ကမ်းနှင့် အီရန်အပါအဝင် အရှေ့အလယ်ပိုင်းဒေသများ၌ သုံးနှစ်ကြာ ဆင်နွှဲနေသည့် စစ်ပွဲများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကြောင့် ကမ္ဘာတစ်ဝန်းရှိ ဂျူးရပ်ဝေးအသိုင်းအဝိုင်း (Jewish diaspora)အကြား အစ္စရေးနိုင်ငံအပေါ် ထားရှိသည့် ကာလရှည်ကြာ ဘုံသဘောတူညီချက် (Consensus)များ အကြီး အကျယ် စတင်ပြိုပျက်လာနေကြောင်း သိရသည်။

     ယခုလအတွင်း နယူးယောက်မြို့ ပဉ္စမရိပ်သာလမ်း (Fifth Avenue)တွင် ကျင်းပခဲ့သည့် နှစ်ပတ်လည် အစ္စရေးနေ့ စီတန်းလှည့်လည်ပွဲ (Israel Day Parade)၌ အစ္စရေးဘဏ္ဍာရေးဝန်ကြီး ဘီဇာရီ စမော့ထရစ်ခ်ျ (Bezalel Smotrich)နှင့် လက် ယာစွန်းဝါဒီ ဥပဒေပြုအမတ်များ တက်ရောက်ခဲ့ကြရာ အမေရိကန်ရှိ တိုးတက်ပြောင်းလဲလိုသော ဂျူးဆန္ဒပြသူများက “အရှက်မရှိသူများ”၊ “စစ်ရာဇဝတ်ကောင်များ” ဟု ပြိုင်တူအော်ဟစ်၍ ကြွေးကြော်ကန့်ကွက်ခဲ့ကြသည်။

     နယူးယောက်မြို့တော်ဝန် ဇိုရန် မမ်ဒါနီ (Zoran Mamdani) ကလည်း အစ္စရေးလက်ယာစွန်းအစိုးရ၏ ပါလက်စတိုင်းသားများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့် ကျင်သည့်အနေဖြင့် အဆိုပါချီတက်ပွဲသို့ မတက်ရောက်ဘဲ သပိတ်မှောက်ခဲ့သည်။

     ဗြိတိန်အခြေစိုက် ဂျူးအဖွဲ့အစည်းတစ်ခုဖြစ်သည့် နာအာမော့ဒ် (Na’amod) အဖွဲ့၏ ပူးတွဲတည်ထောင်သူ အီမလီ ဟီလ်တန် (Emily Hilton) က အစ္စရေးသည် ကမ္ဘာ့ဂျူးလူမျိုးအားလုံးကို ကိုယ်စားပြု၍ လုပ်ဆောင်နေပါသည်ဟူသော ဆင်ခြေမှာ ရွံရှာဖွယ်ကောင်းကြောင်းနှင့် အစ္စရေးသည် ကျင့်ဝတ်ပိုင်းဆိုင်ရာ အကြောင်းပြချက် ပျက်ပြားသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

     ၎င်းက “အစ္စရေးနိုင်ငံဟာ ကျွန်မတို့ကို ၎င်းရဲ့ ခြေလျင်စစ် သည်တွေလိုမျိုး သတ်မှတ်ပြီး ဂျူးလူမျိုးတွေကို အန္တရာယ်ထဲ တွန်းပို့နေတာ ဖြစ်ပါတယ်။ ကျွန်မတို့က သူတို့ရဲ့ စစ်သည်တွေ မဟုတ်ပါဘူး” ဟု ဆိုကာ ဇီယွန်ဝါဒအလွန် တရားမျှတပြီး ညီမျှသော ဘဝတစ်ခုကို ပုံဖော်ရန် တောင်းဆိုထားသည်။

     အလားတူ အမေရိကန်အခြေစိုက် ငြိမ်းချမ်းရေးအတွက် ဂျူးတို့၏အသံအဖွဲ့ (Jewish Voice for Peace) မှ ဆက်သွယ်ရေးဒါရိုက်တာ ဆိုညာ မေယာဆန်-နော့စ် (Sonya Meyerson-Knox) ကလည်း အမေရိကန်ဂျူးအဖွဲ့အစည်းကြီးများသည် အစ္စရေးအစိုးရ၏ ပါလက်စတိုင်းအပေါ် ကျူးကျော်သိမ်းပိုက်မှုနှင့် လူမျိုးခြားခွဲခြားမှု(Apartheid) စနစ်များကို ကာလရှည် ကြာ ကြက်တူရွေးနှုတ်တိုက် ကာကွယ်ပေးခဲ့ပြီး၊ ယင်းကို ကန့် ကွက်သည့် ဂျူးများကို နှုတ်ပိတ်ဖယ်ကြဉ်ခဲ့ကြကြောင်း ဝေဖန်ထောက်ပြခဲ့သည်။

     လူမှုဗေဒပညာရှင် ကိတ် ကာန်း-ဟဲရစ် (Keith Kahn-Harris)၏ အဆိုအရ အမေရိကန်နှင့် ဗြိတိန်ရှိ အဓိကဂျူးအသိုင်းအဝိုင်းများအကြား အစ္စရေးနိုင်ငံ တည်ရှိနေမှုအပေါ် ဆယ်စုနှစ်ချီ တည်ရှိခဲ့သည့် ဘုံသဘောတူညီချက်များမှာ ယခုအခါ လက်တွေ့အသုံးမဝင်တော့ဘဲ အထူး သဖြင့် လူငယ် ဂျူးမျိုးဆက်သစ်များအကြား ဇီယွန်ဝါဒဆန့်ကျင်ရေးစိတ်ဓာတ် (Anti-Zionism)များ သိသိသာသာ မြင့်တက်လာနေကြောင်း သိရသည်။

     သို့သော်လည်း အစ္စရေးနိုင်ငံ၏ အနာဂတ်တည်ရှိမှုကို လုံးဝ ဥဿုံ မေးခွန်းထုတ်သည့်အဆင့်သို့ ရောက်ရှိရန်မှာမူ သွားရဦးမည့်လမ်း အဝေးကြီး လိုပါသေးကြောင်း သုတေသီများက သုံး သပ်ထားကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN