(စိုက်ပျိုးရေး) ဇွန် ၁၃
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ပလွေးကြိုးဝိုင်းတွင် ဇွန် ၁၃ ရက် နံနက်ပိုင်းအချိန်၌ ၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ မဟော်ဂနီပျိုးပင်အား ဦးဆောင်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့အပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် သစ်ပင်စိုက်ပျိုးပွဲများသည် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ်တည်ငြိမ်မျှတရေး၊ သဘာဝဘေးအန္တရာယ်များ လျော့နည်းကာကွယ်နိုင်ရေးနှင့် ရာသီဥတုကောင်းမွန်ရေးတို့အတွက် အရေးပါသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ယင်းအပြင် ယနေ့ နေပြည်တော်၌ ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး ၁၆ မျိုးမှ အပင်စုစုပေါင်း ၃,၀၀၀ ပင်ကို စိုက်ပျိုးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ခရိုင်နှင့် မြို့နယ်အသီးသီးတွင်လည်း တစ်ချိန်တည်း တစ်ပြိုင်နက် ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲများမှတစ်ဆင့် သစ်မျိုးစုံ အပင်စုစုပေါင်း ၅၄,၈၁၀ ပင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသည် နိုင်ငံတော်အဆင့် အစီအစဉ်တစ်ရပ်အဖြစ် ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သဘာဝအရင်းအမြစ်များ ရေရှည်တည်တံ့ရေးအတွက် အထောက်အကူပြုမည်ဟု သိရသည်။
#PAN