ကလေး–တမူးလမ်းကြောင်းတစ်လျှောက် နယ်မြေလုံခြုံရေးဆောင်ရွက်မှုအတွင်း စခန်းတစ်ခုသိမ်းပိုက်ရရှိပြီး လက်နက်ခဲယမ်းနှင့်ယာဉ်ယန္တရားများ သိမ်းဆည်းရရှိ

(ပြည်တွင်း) ဇွန် ၁၂

တပ်မတော်အနေဖြင့် နယ်မြေဒေသအေးချမ်းသာယာ၍ ပြည်သူလူထု အေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်လည်း နိုင်ငံတော်အစိုးရနှင့် ဒေသခံပြည်သူလူထုတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြန်မာ–အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး–တမူး လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ တပ်မတော်စစ်ကြောင်းများခွဲ၍ ဟန်ချက်ညီညီချီတက်ကာ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဇွန်လ ၇ ရက်နေ့တွင် ကလေးမြို့ဘက်မှ ချီတက်လာသော စစ်ကြောင်းများက ကလေး–တမူးလမ်းကြောင်းပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် အရှေ့ခုံသာကျေးရွာ၊ ၅၆ မိုင်ကျေးရွာ၊ ၅၅ မိုင်ကျေးရွာတို့အား သိမ်းပိုက်ခဲ့ပြီး တမူးမြို့ဘက်မှ ချီတက်လာသော စစ်ကြောင်းများက နန်းမွတ်တားကျေးရွာနှင့် ရန်လင်းပိုင်ကျေးရွာတို့အား သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ထိုနောက် ကလေး–တမူးလမ်းကြောင်းတစ်လျှောက်အား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး နယ်မြေရှင်းလင်းမှုများ ဆက်လက်ဆောင်ရွက်ရာ ရန်လင်းပိုင်ကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများသည် ယနေ့တွင် အဆိုပါကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၂၅၀၀ ခန့်အကွာ မြန်မာ–အိန္ဒိယ နယ်စပ်မျဉ်းအနီးသို့ ရောက်ရှိစဉ် မသင်္ကာဖွယ်အဆောက်အအုံများ တွေ့ရှိသဖြင့် စစ်နည်းဗျူဟာအရ ချီတက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတို့အခြေပြုနေထိုင်သည့် စခန်းအား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်သောင်းကျန်းသူများသည် ထိခိုက်ကျဆုံးမှုများစွာဖြင့် တစ်ဖက်နိုင်ငံအတွင်းသို့ ဖရိုဖရဲဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

သိမ်းပိုက်ရရှိသည့် အခိုင်အမာတည်ဆောက်ထားသော စခန်းအား အသေးစိတ်ရှင်းလင်းရာတွင် ၁၀ ပေ ပတ်လည် ဘန်ကာအပါ မောင်းတံဂိတ် ၁ ခု၊ အလျား ၂၀ ပေ အနံ ၁၅ ပေ ဓနိမိုးထရံကာ လူနေအဆောက်အအုံ ၇ လုံး၊ အလျား ၂၀ ပေ အနံ ၁၅ ပေ သွပ်မိုးပျဉ်ကာ လူနေအဆောင်အအုံ ၃ လုံး၊ အလျား ၃၀ ပေ အနံ ၁၅ ပေ အိပ်ဆောင် ၃ လုံး၊ အကျယ် ၄၀၀ ပေပတ်လည် စစ်ရေးပြကွင်းနှင့် လေ့ကျင့်ရေးကွင်း ၁ ကွင်း၊ အလျား ၃၀ ပေ အနံ ၁၅ ပေ သွပ်မိုးပျဉ်ကာ အဆောက်အအုံ ၁ ခု၊ ၁၅ ပေ ပတ်လည် ထရံကာမိုးကာ ဆေးပေးခန်း ၁ ခု၊ ၁၂ ပေ ပတ်လည် ပျဉ်ကာမိုးကာ အချုပ်ခန်း ၁ ခု၊ အလျား ၂၀ ပေ အနံ ၁၅ ပေ ထမင်းစားဆောင် ၁ လုံး၊ အလျား ၁၅ ပေ အနံ ၂၀ ပေ သွပ်မိုးပျဉ်ကာ ခဲယမ်းတိုက် ၁ လုံး၊ အလျား ၁၅ ပေ အနံ ၁၀ ပေ မီးစက်တဲ ၁ လုံးတို့အပြင် Tipper ကား ၁ စီး၊ Loader ယာဉ် ၁ စီး၊ ကားသေး ၃ စီး၊ ၃ ဘီး ၁ စီး၊ လုံးထိုးသေနတ် ၂ လက်၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ လက်ကိုင်စကားပြောစက် ၇ လုံး၊ မီးစက်အကြီးတစ်လုံးနှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် ကလေး–တမူးလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းနိုင်ရန် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#PAN