(မှုခင်း) ဇွန် ၁၂
အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၃ ထပ်လူနေအဆောက်အအုံ ၄ လုံးကို ယာဉ်ယန္တရားများအသုံးပြု၍ စနစ်တကျ ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ စုစုပေါင်း ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံးနှင့် ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးဟူ၍ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ကာ စနစ်တကျ ဖြိုချဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
ယနေ့အထိ ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၅၇ လုံးအနက် ၃ ထပ်လူနေအဆောက်အအုံ ၄ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း အဆောက်အအုံ ၅၆ လုံးအား စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဖျက်ဆီးရန် ကျန်ရှိနေသည့် တရားမဝင်အဆောက်အအုံ ၂၁ လုံးကိုလည်း ဆက်လက်၍ စနစ်တကျ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူ၍ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများသာမက အိမ်နီးချင်းနိုင်ငံများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းကာ တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN