ကလေး-တမူး လမ်းကြောင်း ပြန်လည်စိုးမိုးနိုင်ရေး ဆောင် ရွက်စဉ် မြန်မာ-အိန္ဒိယ နယ်စပ်အနီးရှိ အကြမ်းဖက်သောင်း ကျန်းသူစခန်းတစ်ခုကို တပ်မတော်က သိမ်းပိုက်ရရှိ

(ပြည်တွင်း)ဇွန် ၁၂

     ​မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ကလေး-တမူး လမ်းကြောင်းတစ်လျှောက်အား ပြန် လည်ထိန်းချုပ်ဖွင့်လှစ်ပေးနိုင်ရေးနှင့် နယ်မြေဒေသအေးချမ်းသာယာရေးအတွက် တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်စဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မျဉ်းအနီးရှိ အကြမ်းဖက်သောင်းကျန်းသူများ၏ အခြေပြုစခန်းတစ်ခုကို ယမန်နေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

     တပ်မတော်စစ်ကြောင်းများသည် ကလေး-တမူး လမ်း ကြောင်းပေါ်ရှိ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် နေရာများကို ဟန်ချက်ညီညီ ခွဲဖြာချီတက်ရှင်းလင်းခဲ့ရာ ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က ကလေးမြို့ဘက်မှ ချီတက်လာသော စစ်ကြောင်းများက အရှေ့ခုံသာကျေးရွာ၊ ၅၆ မိုင်ကျေးရွာနှင့် ၅၅ မိုင်ကျေးရွာတို့ကိုလည်း ကောင်း၊ တမူးမြို့ဘက်မှ ချီတက်လာသော စစ်ကြောင်းများက နန်းမွတ်တားကျေးရွာနှင့် ရန်လင်းပိုင်ကျေးရွာတို့ကိုလည်းကောင်း အသီးသီး သိမ်းပိုက်ထိန်း ချုပ်နိုင်ခဲ့ပြီးဖြစ်သည်။

အဆိုပါလမ်းကြောင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ရန်လင်းပိုင်ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၂,၅၀၀ ခန့်အကွာ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မျဉ်းအနီးသို့ အရောက်တွင် မသင်္ကာဖွယ် အဆောက်အအုံများကို တွေ့ရှိခဲ့ရသည်။ တပ်မတော်စစ်ကြောင်းများက စစ်နည်းဗျူဟာမြောက် ချီတက်ရှင်းလင်းစဉ် အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့အခြေပြုထားသည့် အခိုင်အမာစခန်းအား သိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက်သမားများသည် ထိခိုက် ကျဆုံးမှုအများအပြားဖြင့် တစ်ဖက်နိုင်ငံအတွင်းသို့ ဖရိုဖရဲ ဆုတ်ခွာထွက် ပြေးသွားခဲ့ကြသည်။

  သိမ်းပိုက်ရရှိသည့် အခိုင်အမာစခန်းအတွင်း အသေး စိတ်လိုက်လံရှင်းလင်းခဲ့ရာ ၁၀ ပေပတ်လည် ဘန်ကာပါ မောင်းတံဂိတ် ၁ ခု၊ ဓနိမိုးထရံကာ လူနေအဆောက်အအုံ ၇ လုံး၊ သွပ်မိုးပျဉ်ကာ လူနေအဆောက်အအုံ ၃ လုံး၊ အိပ် ဆောင် ၃ လုံး၊ အလံခုံပါဝင်သည့် အကျယ် ပေ ၄၀၀ ပတ် လည် စစ်ရေးပြကွင်းနှင့် လေ့ကျင့်ရေးကွင်း ၁ ကွင်း၊ ဆေးပေးခန်း ၁ ခု၊ အချုပ်ခန်း ၁ ခု၊ ထမင်းစားဆောင် ၁ လုံး၊ သွပ်မိုးပျဉ်ကာ ခဲယမ်းတိုက် ၁ လုံးနှင့် မီးစက်တဲ ၁ လုံးတို့ကို တွေ့ရှိခဲ့ရသည်။

  ထို့အပြင် စခန်းအတွင်းမှ Tipper ကား ၁ စီး၊ Loader (မြေကော်ယာဉ်) ၁ စီး၊ ကားအသေး ၃ စီး၊ သုံးဘီး ၁ စီး၊ ၁ လုံးထိုးသေနတ် ၂ လက်၊ ၆၀ မမ ဗုံးသီး ၅ လုံး၊ လက်ကိုင်စကား ပြောစက် ၇ လုံး၊ မီးစက်အကြီးနှင့် အခြားစစ်အသုံး အဆောင် ဆက်စပ်ပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

     ကလေး-တမူး လမ်းကြောင်းအား အမြန်ဆုံးပြန်လည်ထိန်း ချုပ်ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများအား တိုက်ခိုက်ချေမှုန်းနိုင်မည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

#PAN