
(ပြည်တွင်း)ဇွန် ၁၂
ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် လာမည့် ဇူလိုင်လအတွင်း စတင်ပြေးဆွဲရန် လျာထားသည့် အမြန်နှုန်းမြင့် DEMU ရထား စစ်ဆင်ရေးကို ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရန်နှင့် ရထားမတော်တဆမှုများ လျှော့ချနိုင်ရန်အတွက် အဆိုပါလမ်းပိုင်းရှိ ရထားလမ်းဖြတ်ကူးနေရာ (ဂိတ်) ၁၀၀ ကျော်ကို စနစ် တကျ ပြုပြင်မွမ်းမံ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီး ရထားက ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ ရထားလမ်းဖြတ်ကူးနေရာ ၁၀၀ ကျော်ကို စနစ်တကျ အဆင့်မြှင့်တင်ရန်နှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာ့မီးရထားနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကတည်းက စတင်ကာ ကွင်းဆင်းပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့အနေနဲ့ လက်ရှိမှာ ဘေးကင်းလုံခြုံရေးအတွက် တရားမဝင် ရထားလမ်း ဖြတ်ကူးနေရာတွေကို လိုက်လံပိတ်ပစ်နေပါတယ်။ ဒါပေမဲ့ သတ် မှတ်ချက်နဲ့အညီ တရားဝင် ခွင့်ပြုချက်ရရှိထားတဲ့ လမ်းဖြတ်ကူးနေရာတွေကိုတော့ ပိတ်မှာမဟုတ်ဘဲ ဆက်လက်ဖွင့်လှစ်ပေးထားမှာပါ” ဟု ပြောကြားခဲ့သည်။
သတင်းထုတ်ပြန်ချက်များအရ ရန်ကုန်-မော်လမြိုင် ရထားလမ်းတစ်လျှောက်တွင် ရထားလမ်းဖြတ်ကူးနေရာ စုစုပေါင်း ၁၅၇ ခုရှိသည့်အနက် ၁၆ ခုသာ တရားဝင် ခွင့် ပြုချက်ရရှိထားသော လမ်းဖြတ်များဖြစ်ပြီး ကျန်ရှိသည့်နေရာအများစုမှာ တရား မဝင် ဖြတ်ကူးနေကြခြင်းဖြစ်သည်။
မြန်မာ့မီးရထားအနေဖြင့် အဆိုပါ တရားမဝင် ဖြတ်ကူးနေရာများကို လိုက်လံပိတ်သိမ်းသွားမည်ဖြစ်သော်လည်း ဒေသခံများအတွက် မဖြစ်မနေ လိုအပ်နေသည့် အရေးကြီးသော လမ်းဖြတ်နေရာများတွင်မူ စနစ်တကျ စီမံခန့်ခွဲနိုင်ရန် လုံခြုံရေးဂိတ်တံခါးများ (Security Gates) တပ်ဆင်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN