(စိုက်ပျိုးရေး) ဇွန် ၈
မိုးစပါးစိုက်ပျိုးရာသီအတွက် လိုအပ်သော ယူရီးယားမြေဩဇာများကို ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ အချိန်မီဖြန့်ဖြူးပေးနိုင်ရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂ ရက် မွန်းလွဲပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ယခုနှစ် စိုက်ပျိုးရာသီအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများကို ဒေသအလိုက် အမြန်ဆုံး ဖြန့်ဖြူးပေးနိုင်ရေး အရေးကြီးကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းအနေဖြင့် လိုအပ်သည့် တန်ချိန်များကို ပြည်နယ်နှင့်တိုင်းများသို့ အမြန်ဆုံးပို့ဆောင်ပေးရန်နှင့် နိုင်ငံတကာဈေးနှုန်း ကျဆင်းလာပါက ပြည်တွင်းဈေးနှုန်းများကိုလည်း သင့်လျော်စွာ လျှော့ချသတ်မှတ်နိုင်ရေး တွက်ချက်တင်ပြရန် လိုအပ်ကြောင်း ညွှန်ကြားခဲ့သည်။

ထို့အပြင် ဓာတ်မြေဩဇာ တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီများအနေဖြင့် ဖြန့်ဖြူးမှုများကို စနစ်တကျ မှတ်တမ်းတင်ထားရန်၊ အရည်အသွေးနှင့် အလေးချိန်မှန်ကန်ရေး၊ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း မရှိစေရေးတို့ကို သက်ဆိုင်ရာဌာနများက ပူးပေါင်းကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း အလေးထားပြောကြားခဲ့သည်။
ဓာတ်မြေဩဇာများကို သိုလှောင်၍ ဈေးကစားခြင်းများ မဖြစ်ပေါ်စေရေးအတွက်လည်း ကွင်းဆင်းစစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် တောင်သူများအနေဖြင့် အချိန်မီ၊ အရည်အသွေးပြည့်ဝပြီး မှန်ကန်သည့် ဈေးနှုန်းဖြင့် တိုက်ရိုက်ဝယ်ယူအသုံးပြုနိုင်ရေးကို အဓိကရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချမှုအခြေအနေများနှင့် ရန်ကုန်အထိုင်ဈေးနှုန်းများကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဦးဆောင်ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ဆက်လက်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ဖြည့်စွက်ညွှန်ကြားကာ အစည်းအဝေးကို နိဂုံးချုပ်ခဲ့ကြောင်း သိရသည်။