ပါကစ္စတန်ထိန်းချုပ်ရာ ကက်ရှ်မီးယားတွင် လူထုဆန္ဒပြပွဲမတိုင်မီ ရဲနှင့် တရားမဝင်အဖွဲ့တို့အကြား ပြင်းထန်သော ပဋိ ပက္ခဖြစ်ပွား၊ ရဲအရာရှိများအပါအဝင် အနည်းဆုံး ၁၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

(နိုင်ငံတကာ) ဇွန် ၉

     ပါကစ္စတန်ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသတွင် အင်္ဂါ နေ့၌ ပြုလုပ်ရန် စီစဉ်ထားသည့် နိုင်ငံရေးအခွင့်အရေးဆိုင် ရာ လူထုဆန္ဒပြပွဲမတိုင်မီ ရဲတပ်ဖွဲ့နှင့် တရားမဝင်အဖွဲ့အစည်းတစ်ခု၏ လက်နက်ကိုင်ထောက်ခံသူများအကြား ပြင်းထန်သော ရုန်းရင်း ဆန်ခတ် ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ၊ ရဲအရာရှိ ၄ ဦးအပါအဝင် အနည်းဆုံး ၁၁ ဦး သေဆုံးပြီး အခြားရဲများနှင့် အရပ်သား ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ပါကစ္စတန်နိုင်ငံအတွင်း နေထိုင်နေကြသော ကက်ရှ်မီးယားဒုက္ခသည်များအတွက် သီးသန့်ဖယ်ချန်ထားသည့် ဥပဒေပြု လွှတ်တော် ကိုယ်စားလှယ်နေရာ ၁၂ နေရာသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးထားခြင်းဖြစ်ပြီး ဖျက် သိမ်း၍မရကြောင်း ဒေသဆိုင်ရာ တရားလွှတ်တော်ချုပ်က တနင်္ဂနွေနေ့တွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

     အဆိုပါ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက်၊ ဒုက္ခသည်များ၏ သြဇာလွှမ်းမိုးမှုကို မလိုလားသဖြင့် ယင်းနေရာများကို ဖျက်သိမ်းရန်နှင့် နိုင်ငံရေးအခွင့်အရေးများရရှိရန် ကာလရှည်တောင်းဆိုနေသည့် တရားမဝင်အဖွဲ့အစည်းဖြစ်သော ပူးတွဲအဝါမီလှုပ်ရှားမှုကော်မတီ (JAAC) ထောက်ခံသူများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

     ပွန်းချ် (Poonch) ကဏ္ဍ၏ ကော်မရှင်နာမင်းကြီး ဆာဒါ ဝါဟစ်ဒ်ခန်း၏ ပြောကြားချက်အရ မသမာသူများက သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် ရဲအရာရှိ ၄ ဦးနှင့် လမ်းသွားလမ်းလာ ၁ ဦး သေဆုံးခဲ့ရပြီး၊ လုံခြုံရေးအဖွဲ့များ၏ ပြန်လည်တုံ့ပြန်မှုကြောင့် ဆန္ဒပြသူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

     JAAC အဖွဲ့၏ လက်နက်ကိုင်ထောက်ခံသူများသည် ရာဝါလာကော့ (Rawalakot)မြို့တွင် မောင်းပြန်ရိုင်ဖယ်များ၊ ဓာတ်ဆီဗုံးများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်အပြင်၊ စစ်ဘက်ဆိုင်ရာဆေးရုံကို ဝိုင်းရံပိတ်ဆို့ကာ ဆေးကုသမှုလုပ်ငန်းများကို အဟန့်အတားဖြစ်စေခဲ့သည်။ လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့များက လူစုခွဲနိုင်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ ၃၀ ဦးကို ဖမ်းဆီးကာ တည်ငြိမ်မှု ပြန်လည်ထိန်းသိမ်းထားသည်။

     JAAC ခေါင်းဆောင် ရှောင်ကတ် နာဝါဇ် မီယာကမူ X လူမှုကွန်ရက်ပေါ်မှတစ်ဆင့် ဗီဒီယိုသတင်းစကားပါးရာတွင် “နိုင်ငံတော်က ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ် ဖြတ်နေတာဖြစ်ပြီး ဇွန် ၉ ရက် ဆန္ဒပြပွဲကို စည်းလုံးစွာ ဆက်လုပ်သွားမည်” ဟု ပြောကြားခဲ့သည်။

     သို့သော် အာဏာပိုင်များက ယင်းသည် မဟုတ်မမှန်ဘဲ ပြည်သူကို လမ်းမှားရောက်အောင် လုပ်ဆောင်ခြင်းဖြစ် ကြောင်း၊ ဆန္ဒပြသူများက မီးရှို့မှုများနှင့် အစိုးရ၊ ပုဂ္ဂလိကပိုင် ပစ္စည်းများကို ဖျက်ဆီးခဲ့သဖြင့် ဥပဒေစိုးမိုးရေးအတွက်သာ လုပ် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

     ဒေသဆိုင်ရာအစိုးရသည် ပြီးခဲ့သည့် သောကြာနေ့ကတည်းက JAAC အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားမဝင်အဖွဲ့အဖြစ် ကြေညာထားပြီး၊ ပြည် တွင်းပြည်ပခရီးသွားများ ဒေသတွင်းမှ ချက်ချင်းထွက်ခွာကြရန် နှိုးဆော်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN