
(နိုင်ငံတကာ) ဇွန် ၈
ပြီးခဲ့သည့် ဧပြီလက ရရှိထားခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ပျက်ပြားလုနီးပါး အခြေအနေသို့ ရောက်ရှိလာပြီး၊ အစ္စရေးနှင့် အီရန်နိုင်ငံတို့အကြား အပြန်အလှန် လေ ကြောင်းတိုက်ခိုက်မှုများ အရှိန်အဟုန်ဖြင့် ပြန်လည်ဖြစ်ပွားလာသည့်အပြင် ယီမင်ဟူသီသူပုန်များပါ အစ္စရေးကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်လာသဖြင့် အရှေ့အလယ်ပိုင်းတွင် စစ်ပွဲအပြည့်အဝ ပြန်လည်ပေါက်ကွဲလာမည်ကို တစ်ကမ္ဘာလုံးက စိုးရိမ်ပူပန်နေကြရကြောင်း သိရသည်။
အီရန်တစ်ဝန်းရှိ ရေဒါစခန်းများကို အစ္စရေးက ညပိုင်းတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့မှုနှင့် မာရှာ (Mahshahr) ရှိ ရေနံဓာတုဗေဒစက်ရုံဝင်းကို ဗုံးကြဲခဲ့မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် အီရန်အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က အစ္စရေးနိုင်ငံအတွင်းရှိ နေဗာတင် (Nevatim) နှင့် တဲလ်နော့ဖ် (Tel Nof) လေတပ်အခြေစိုက်စခန်းများကို ယနေ့တနင်္လာနေ့ အစောပိုင်းတွင် ဒုံးကျည်အမြောက် အမြားဖြင့် လက်တုံ့ပြန်တိုက်ခိုက်ခဲ့သည်။
ယင်းနောက်တွင်လည်း အီရန်ဘက်မှ ပစ်ခတ်လိုက်သည့် ဒုံးကျည်လှိုင်းအသစ်များကို ထပ်မံစုံစမ်းသိရှိရကြောင်း အစ္စ ရေးစစ်တပ်က ထုတ်ပြန်ခဲ့ပြီး၊ မြို့တော်တီဟီရန်၊ တာဘရစ်ဇ်နှင့် အစ္စဖာဟန်မြို့တို့တွင် ပြင်းထန်သော ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း အီရန်မီဒီယာများက ဖော်ပြသည်။
တပြိုင်နက်တည်းမှာပင် အီရန်မဟာမိတ် ယီမင်ဟူသီသူ ပုန်များက အစ္စရေးနိုင်ငံသို့ ဒုံးကျည်များ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ပင်လယ်နီအတွင်း အစ္စရေးရေကြောင်းသင်္ဘော သွားလာမှုအားလုံးကို တားမြစ်ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့သည်။
ယခုကဲ့သို့ ပဋိပက္ခများ ပြန်လည်ပြင်းထန်လာရခြင်းမှာ အစ္စရေးဘက်က လေဘနွန်မြို့တော် ဘေရွတ်ရှိ ဟစ်ဇ်ဘိုလာစခန်းများကို လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းကြောင့် ဖြစ် သည်။ ယင်းတိုက်ခိုက်မှုသည် ဝါရှင်တန်က လေဘနွန်အတွင်း အပစ်ရပ်သက်တမ်းတိုးမြှင့်ကြောင်း ကြေညာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အီရန်ဗဟိုကွပ်ကဲမှုဌာန ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ဇိုးလ်ဖာဂါရီက အမေရိကန်အစိုးရအနေဖြင့် အစ္စရေးအား ဘေရွတ်မြို့ကို တိုက်ခိုက်ရန် လျှို့ဝှက်ခွင့်ပြုချက်ပေးခဲ့သည်ဟု စွပ်စွဲပြောဆိုထားသည်။
အီရန်ဘက်က ဝါရှင်တန်နှင့် ရရှိထားသော အပစ်ရပ်စဲရေးတွင် လေဘနွန်အတွင်း တိုက်ခိုက်မှုများ ရပ်တန့်ရေးပါဝင်ရမည်ဟု အခိုင်အမာဆိုထားသော်လည်း၊ အစ္စရေးကမူ ၎င်းတို့မြောက်ပိုင်းကို ဒရုန်းနှင့် ဒုံးကျည်ဖြင့် ပစ်ခတ်နေသည့် ဟစ်ဇ်ဘိုလာများကို နှိမ်နင်းရန်ဟုဆိုကာ လေဘနွန်တောင်ပိုင်းတွင် နယ်မြေသိမ်း ပိုက်မှုများကို တိုးချဲ့နေသည့်အတွက် ဒေသတွင်းငြိမ်းချမ်းရေးမှာ လုံးဝပျက်ပြားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN