
(နိုင်ငံတကာ) ဇွန် ၈
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးသည် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ ခေါင်းဆောင်များနှင့် လန်ဒန်မြို့၌ တွေ့ဆုံပြီးနောက် နာရီပိုင်းအကြာတွင် ရုရှားနှင့် ယူကရိန်းတို့အကြား သေဆုံးမှုများရှိခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများ အပြန်အလှန် ပြင်း ထန်စွာ ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ တပြိုင်နက်တည်းမှာပင် ဥရောပမဟာမိတ်များက စစ်ပွဲအဆုံးသတ်ရေးအတွက် ရုရှားသမ္မတ ပူတင်နှင့် တိုက် ရိုက်တွေ့ဆုံဆွေးနွေးရန် ဇလန်းစကီး၏ ကမ်းလှမ်းချက်ကို ပူးတွဲထောက်ခံလိုက်ကြသည်။
ယနေ့ တနင်္လာနေ့အစောပိုင်းက ယူကရိန်းအရှေ့တောင်ပိုင်း ဇာပိုရီရှား (Zaporizhia)ဒေသကို ရုရှားက ဒရုန်းများနှင့် လက် နက်ကြီးများဖြင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သဖြင့် အခြေခံအဆောက်အအုံများနှင့် နေအိမ်များ ပျက်စီးခဲ့ရုံတင်မကဘဲ ပြည်သူ ၅ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက အတည်ပြုသည်။
ထို့ပြင် အိုဒက်ဆာ (Odesa)ဒေသရှိ စွမ်းအင်အခြေခံအဆောက်အအုံများလည်း တိုက်ခိုက်ခံရသဖြင့် အိမ် ထောင်စု ၁,၀၀၀ ကျော် လျှပ်စစ်မီးပြတ်တောက်ခဲ့သည်။ ယခုတိုက်ခိုက်မှုသည် ချာနိုဘိုင်းနျူကလီးယားစက်ရုံအနီးရှိ လောင်စာသို လှောင်ရုံ တိုက်ခိုက်ခံရပြီး တစ်ရက်အကြာတွင် ထပ်မံပေါ်ပေါက်လာခြင်းဖြစ်သည်။
ယူကရိန်းဘက်ကလည်း ရုရှားပစ်မှတ်များကို ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ ရုရှားသိမ်းပိုက်ထားသည့် ခရိုင်းမီးယားကျွန်းဆွယ်တွင် ရထားတစ်စင်း ဒရုန်းထိမှန်ပြီး ရထားမောင်းသူအကူ သေဆုံးကာ ရထားမောင်းသူ ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် ရုရှားနိုင်ငံ ဗော်ဂိုဂရက် (Volgograd) ဒေသရှိ ရေ စုပ်စက်ရုံတစ်ခုတွင် ဒရုန်းအပျက်အစီးများကြောင့် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့သလို၊ ပင်လယ်နက်ဆိပ်ကမ်းမြို့ဖြစ်သော နိုဗိုရော့စိစ် (Novorossiysk) ရှိ ကုန်တင်ဝင်းတစ်ခုတွင်လည်း ဒရုန်းတိုက်ခိုက်မှုကြောင့် ပြင်းထန်သော မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်သမား ၁၃၀ ကျော်က ငြှိမ်းသတ်ခဲ့ရသည်။
ယခုတိုက်ခိုက်မှုများသည် လန်ဒန်မြို့တွင် ဇလန်းစကီးနှင့် ဥရောပခေါင်းဆောင်များ တွေ့ဆုံပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ၊ ဂျာမနီအဓိပတိ ဖရီးဒရစ် မာဇ်နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (E3 အုပ်စု) တို့က ပူးတွဲထုတ်ပြန်ချက်ထုတ်ပြန်ကာ စစ်ပွဲအဆုံးသတ်ရန်နှင့် အမေရိကန်၊ ဥရောပတို့ ပါဝင်မှုဖြင့် သမ္မတ ပူတင်နှင့် တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် ဇလန်းစကီး၏ အဆိုပြုချက်ကို “ချီးကျူးဂုဏ်ပြု” ကြောင်းနှင့် အပြည့်အဝ ထောက်ခံကြောင်း ပြောကြားခဲ့သည်။
ဇလန်းစကီးကလည်း ရုရှားနှင့် ဆွေးနွေးပွဲများတွင် ဥရောပ၏ ရပ်တည်ချက် ခိုင်မာနေရန် အမြဲဦးစားပေးကြောင်း X တွင် ရေးသားခဲ့သည်။ သို့သော်လည်း ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကမူ လက်ရှိအချိန်တွင် ဇလန်းစကီးနှင့် လူချင်းတွေ့ဆုံဆွေးနွေးရန် အကြောင်းမရှိသေးဟုဆိုကာ ယူကရိန်း၏ “အပြည့်အဝ အပစ်ရပ်ရေး” ကမ်းလှမ်းချက် အိတ်ဖွင့်ပေးစာကို ပယ်ချထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN