လာအိုနိုင်ငံ ဂူအတွင်း ပျောက် ဆုံးနေသည့် နောက်ဆုံးကျန်ရှိသူ အမျိုးသားနှစ်ဦးအား ရှာဖွေမှု ကယ်ဆယ်ရေးအဖွဲ့များ ရပ်နားလိုက်ရ

(နိုင်ငံတကာ) ဇွန် ၇

     လာအိုနိုင်ငံရှိ ရေဘေးသင့်ပြီး ရေတစ်ဝက်ခန့် နစ်မြုပ်နေသော ဂူတစ်ခုအတွင်း ပိတ်မိပျောက်ဆုံးနေသည့် နောက် ဆုံးကျန်ရှိသူ အမျိုးသားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်များအား ကယ်ဆယ်ရေးအဖွဲ့များက စနေနေ့တွင် တရားဝင် ရပ်နားလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယင်းမှာ ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က အစားအစာအတွက် လင်းနို့ရှာဖွေရန်နှင့် ရွှေရှာဖွေရန် ဂူတွင်းဝင်ရောက်စဉ် ပိတ်မိသွားခဲ့ကြသည့် အမျိုးသား ၇ ဦးအနက် ၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး တစ်ပတ်အကြာတွင် ယခုကဲ့သို့ လုပ် ငန်းစဉ် ရပ်ဆိုင်းလိုက်ရခြင်း ဖြစ်သည်။

     အဆိုပါ ပိတ်မိသူများအနက် အမျိုးသားတစ်ဦးကို မေလ ၂၉ ရက်တွင် ရေငုပ်သမားများက ကယ်ထုတ်နိုင်ခဲ့ပြီး၊ ကျန် ၄ ဦးကိုမူ ဂူအခန်းတွင်းမှ ရေများကို အရှိန်အဟုန်ဖြင့် စုပ်ထုတ်ပြီးနောက် မေလ ၃၀ ရက်တွင် ဂူအပြင်သို့ ဘေးကင်းစွာ လမ်းပြခေါ်ထုတ်နိုင်ခဲ့သည်။ သို့သော်လည်း ကျန်ရှိနေသည့် အမျိုးသားနှစ်ဦးကိုမူ ဖင်လန်၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့မှ နိုင်ငံတကာ ကျွမ်းကျင်သူအဖွဲ့များ ပူး ပေါင်းကာ အပြင်း အထန် ရှာဖွေခဲ့ကြသော်လည်း လက်ရှိအချိန်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။

     ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့် မလေးရှားနိုင်ငံသား ဂူရေငုပ်သမား လီကီယန်လီ က ၎င်းတို့အနေဖြင့် ပျောက်ဆုံးသူများ ရှိနိုင်မည့်နေရာနှင့် “အလွန်နီးစပ်နေခဲ့ပြီ” ဖြစ်သော်လည်း ဂူအတွင်း ရေပမာဏ လျော့ကျသွားချိန်တွင် ဂူဝဘက်က မြေသားများ ပြိုကျမည့်အသွင် မတည်မငြိမ် ဖြစ်လာခဲ့ကြောင်း ဆိုသည်။

     ၎င်းက ကယ်ဆယ်ရေးသမားများပါ ထပ်မံပိတ်မိမည့် အန္တရာယ်ကြီးမားသဖြင့် လုပ်ငန်းစဉ်ကို ရပ်နားရခြင်းဖြစ်ပြီး၊ သို့သော်လည်း ရေများ ပိုမိုမြန်မြန် စီးထွက်သွားနိုင်ရန် ဂူအပြင်ဘက်ကနေ ရေစုပ်ထုတ်ခြင်းနှင့် မြေတူးဖော်ခြင်းများကို ဆက်လုပ်သွားမည်ဖြစ်ကာ “အံ့ဩစရာ အလှည့်အပြောင်းတစ်ခုခု ဖြစ်လာနိုင်ပါသေးတယ်” ဟု အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

     ထိုင်းနိုင်ငံမှ ထိပ်တန်းကယ်ဆယ်ရေးသမား ကန်ကတ် ဘွန်ကာဝေါင် ကလည်း လက်ရှိတွင် ဂူထဲသို့ မည်သူ့ကိုမျှ ဝင်ရောက်ခွင့် မပြုတော့ကြောင်း ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သည်။ မိုးရေများ ထပ်မံစီးဝင်လာမှုကြောင့် ဂူအတွင်းရှိ အပေါ်အောက် အမြင့်အကျယ်အဝန်းမှာ ၃၀ စင်တီမီတာ (၁၂ လက်မခန့်) သာ ကျန်ရှိတော့သဖြင့် ရေငုပ်သမားများ သွားလာရန် မဖြစ်နိုင်တော့ကြောင်းနှင့် “ဒီနေ့ကစပြီး မိုးက တဖြည်းဖြည်း ပိုပြီးတော့ သည်းထန်လာတော့မှာပါ” ဟု ၎င်းက ဆိုသည်။

     ကယ်ဆယ်ရေးအဖွဲ့များသည် ပျောက်ဆုံးနေသူ နှစ်ဦး အသက်ရှင်လျက် လမ်းရှာထွက်လာနိုင်ခဲ့ပါက စားသုံးနိုင်ရန်အတွက် ဂူအတွင်းရှိ အချက်အချာကျသော နေရာအသီးသီးတွင် အစားအစာများနှင့် ရိက္ခာများကို ချန်ထားပေးခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN