အပစ်ရပ်သဘောတူညီချက်များကြားမှ အစ္စရေး၏ တိုက် ခိုက်မှုများကြောင့် ဂါဇာတွင် မင်္ဂလာဆောင်နေသူများနှင့် လက်ဘနွန်စစ်တပ် အရာရှိကြီးများအပါအဝင် အစုလိုက် အပြုံလိုက် သေဆုံး

(နိုင်ငံတကာ) ဇွန် ၇

    အရှေ့အလယ်ပိုင်းဒေသတွင် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များနှင့် ငြင်းခုံဆွေးနွေးမှုများ ရှိနေသည့်ကြားမှ အစ္စရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ဂါဇာစီးတီးရှိ မင်္ဂလာဆောင်ကျင်းပရာ အရပ် သားစခန်းနှင့် လက်ဘနွန်တောင်ပိုင်းရှိ စစ်ဘက်ဆိုင်ရာယာဉ်တို့ ထိမှန်ခဲ့ပြီး၊ ကလေးငယ်များ၊ အရပ်သားများနှင့် လက်ဘနွန်စစ်တပ်မှ ဗိုလ်မှူးချုပ်အဆင့်ရှိ အရာရှိကြီးတစ်ဦးအပါ အဝင် လူပေါင်း ၁၆ ဦးထက်မက သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဖော်ပြ သည်။

     ဂါဇာစီးတီး (Gaza City)ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် မင်္ဂလာဆောင်ကျင်းပနေစဉ် အစ္စရေး၏ လက်နက်ကြီးကျည်များ ကပ်လျက်တဲသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အရှိန်ပြင်း သော ဗုံးဆန်များ လွင့်စင်ကာ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အနည်းဆုံး လူ ၆ ဦး သေ ဆုံးခဲ့သည်။ အဆိုပါပေါက်ကွဲမှုကြောင့် ကပ်လျက်ရှိ စာသင်ကျောင်းဝင်းအတွင်း ခိုလှုံနေသည့် ဒုက္ခသည်မိသားစုများပါ ထိမှန်ခဲ့ပြီး၊ အနည်းဆုံး လူ ၁၅ ဦး ဒဏ်ရာရရှိကာ အယ်လ်ရှီဖာ (al-Shifa) ဆေးရုံ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ကုသမှုခံယူနေရသည်။


ယင်းအပြင် ဂါဇာတောင်ပိုင်း ခန်းယူနစ်ဒေသတွင်လည်း မင်္ဂလာဆောင်ရန် နာရီပိုင်းအလိုသာလိုတော့သည့် သတို့ သား လောင်းတစ်ဦး တဲအတွင်းရှိနေစဉ် အစ္စရေးတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသလို၊ ဟားမတ်စ်ပြောရေးဆိုခွင့်ရှိသူ ဟာဇမ် ကာဆမ် က ဤဖြစ်စဉ်ကို “မျိုးတုန်းသတ်ဖြတ်မှု” ဟု ရှုတ်ချကာ အစ္စ ရေးသည် အီဂျစ်တွင်ပြုလုပ်နေသည့် အပစ်ရပ်ဆွေးနွေးပွဲများကို ဖျက်ဆီးရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။

     အလားတူ အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် ယာယီအပစ်ရပ်သဘောတူညီချက် ရရှိပြီးရက်ပိုင်းအတွင်းမှာပင် လက်ဘနွန်တောင်ပိုင်းတစ်ခွင် အစ္စရေး၏ လေကြောင်းနှင့် ဒရုန်းတိုက် ခိုက်မှုများကြောင့် လူ ၁၀ ဦး သေဆုံးခဲ့သည်။ ခါဒါလီ-နဗာတီးယား သွားလမ်းပေါ်တွင် လက်ဘနွန်စစ်ဘက်ယာဉ်တစ်စီးကို အစ္စရေးတို့ ပစ်ခတ်ခဲ့သဖြင့် ဗိုလ်မှူးချုပ် ဝပ်ဆမ် ဆာဘရာ (Brigadier General Wassam Sabra)၊ ဗိုလ်ကြီးတစ်ဦးနှင့် စစ်သားတစ်ဦးတို့ သေဆုံးခဲ့ရသည်။

     ယခုဖြစ်စဉ်သည် စစ်ပွဲစတင်ကတည်းက လက်ဘနွန်စစ်တပ် ၏ ပထမဆုံး အရာရှိကြီးအဆင့် သေဆုံးမှုဖြစ်ပြီး၊ လက်ဘနွန်သမ္မတနှင့် ဝန်ကြီးချုပ်တို့က ၎င်းသည် အချုပ် အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်သည့် စက်ဆုပ်ဖွယ်ရာဇဝတ်မှုဟု ရှုတ်ချခဲ့သည်။ အစ္စရေးစစ်တပ်ဘက်ကမူ ၎င်းသည် တိုက် ပွဲပြင်းထန်ဇုန်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညှိနှိုင်းမှုမရှိဘဲ သွားလာခြင်းကြောင့်ဖြစ်နိုင်ကြောင်း၊ ဖြစ်စဉ်ကို ဆက်လက်စုံစမ်းနေကြောင်း ဆင်ခြေပေးထားသည်။

     လက်ရှိတွင် ဂါဇာနှင့် လက်ဘနွန်နှစ်ဖက်စလုံး၌ အပစ်အခတ်ရပ်စဲရေး စည်းကမ်းချက်များနှင့် ပတ်သက်၍ အစ္စရေး၊ ဟားမတ်စ်နှင့် ဟစ်ဇ်ဘိုလာတို့အကြား သဘော ထားကွဲလွဲမှုများ ဆက် လက်တင်းမာနေဆဲဖြစ်ပြီး စစ်မီးများ ဆက်လက်တောက်လောင်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN