အနောက်ဘက်ကမ်းတွင် ရပ်တန့်ထားသည့်ကားကို အစ္စရေးတပ်ဖွဲ့များ ပစ်ခတ်မှုကြောင့် ခုနစ်လအရွယ် ရင်သွေးငယ် သေဆုံးပြီး မိဘနှစ်ပါး ဒဏ်ရာရ

(နိုင်ငံတကာ) ဇွန် ၆

     သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ (West Bank) ဟီဘရွန်မြို့တွင် အစ္စရေးတပ်ဖွဲ့များက ပါလက်စတိုင်း မိသားစုတစ်စု စီးနင်းလာသည့် မော်တော်ယာဉ်တစ်စီးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ခုနစ်လအရွယ် ပါလက်စတိုင်း ရင်သွေးငယ်တစ်ဦး သေဆုံးကာ ၎င်း၏ မိဘနှစ်ပါး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။

     သောကြာနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါ ဖြစ်စဉ်အတွင်း အသက် ခုနစ်လအရွယ်ရှိ ဆမ် ဖာဟတ် အဘူ ဟိုင်ကယ် (Sam Fahd Abou Haikal) အမည်ရှိ ယောက်ျားလေးတစ်ဦးသည် အစ္စရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာများဖြင့် ဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေ ဆုံးသွားခဲ့ရခြင်းဖြစ် ကြောင်း တာဝန်ကျဆရာဝန် ဒေါက်တာ တာရက်ခ် ဘာဘာရာဝီ က အတည်ပြုပြောကြားသည်။

     သေဆုံးသူ ရင်သွေးငယ်၏အဖွားဖြစ်သူ ဖီရီယယ် အဘူ ဟိုင်ကယ် က ၎င်းတို့၏ ကားမှာ လမ်းပေါ်တွင် လုံးဝရပ်တန့်နေခဲ့ခြင်း ဖြစ်သော်လည်း အစ္စရေးစစ်သားများက ရုတ်တရက် သေ နတ်ဖြင့် လှမ်းပစ်ခဲ့ခြင်း ဖြစ်သည်ဟု ပါလက်စတိုင်း ဝါဖာ (Wafa)သတင်းဌာနသို့ ပြောကြားခဲ့သည်။

     “ကျွန်မတို့ကားက လုံးဝရပ်နေတာပါ။ စစ်သားတွေကို အန္တရာယ်ပြုမယ့် အခြေအနေမျိုး လုံးဝမရှိသလို၊ အခုလို သေနတ်နဲ့ လှမ်းပစ်ဖို့ ဘာအကြောင်းပြချက်မှလည်း မရှိပါဘူး” ဟု သူမက ဆိုသည်။

     အစ္စရေးစစ်တပ် (IDF) ကမူ ၎င်းတို့၏ X လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ချက်၌ စစ်သားများ စစ်ဆင်ရေးလှုပ်ရှား မှု ပြုလုပ်နေစဉ် ၎င်းတို့ထံသို့ မော်တော်ယာဉ်တစ်စီးက အရှိန်ပြင်းစွာ မောင်းနှင်လာသည်ဟု ယူဆခဲ့သဖြင့် စစ်သားများက အဆိုပါ ယာဉ်ဆီသို့ တစ်ချက်ချင်းစီ ပြန်လည်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖြေရှင်းထားသည်။

     သို့သော်လည်း အစ္စရေးစစ်တပ်၏ ကနဦး စုံစမ်းစစ်ဆေးမှုများအရ ဒဏ်ရာရရှိပြီး သေဆုံးခဲ့ရသူများသည် မည်သည့်ပဋိပက္ခတွင်မျှ ပါဝင်ပတ်သက်မှုမရှိသည့် အရပ်သားစစ်စစ်များ ဖြစ်နေကြောင်း တွေ့ရှိရသဖြင့် ယခုဖြစ်စဉ်ကို အသေးစိတ် ပြန်လည်သုံးသပ် စစ်ဆေးနေသည်ဟု ဖြည့် စွက်ပြောကြားခဲ့သည်။

     ၂၀၂၃ ခုနှစ် အောက်တိုဘာလက ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား စစ်ပွဲစတင်ခဲ့ကတည်းက သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသတွင်လည်း အစ္စရေးစစ်တပ်နှင့် အခြေချနေထိုင်သူ ဂျူးလူမျိုးများ၏ အကြမ်းဖက်မှုများ သိသိသာသာ မြင့်တက်လာခဲ့သည်။

     ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက် အလက်များအပေါ် အခြေခံထားသည့် အေအက်ဖ်ပီ (AFP) သတင်းဌာန၏ ထုတ်ပြန်ချက်အရ ၎င်းပဋိပက္ခကာလအတွင်း အနောက်ဘက်ကမ်း၌ အစ္စရေးတို့ကြောင့် အနည်း ဆုံး ပါလက်စတိုင်းလူမျိုး ၁,၀၈၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN