စီးပွားရေးဖိုရမ်အပြီး စိန့်ပီတာစဘတ်ကို ယူကရိန်း ဒရုန်းအများအပြားဖြင့် တိုက်ခိုက်၊ ရုရှားက ဒရုန်း ၃၀၀ ကျော် ပစ်ချနိုင်ခဲ့ကြောင်း ထုတ်ပြန်

(နိုင်ငံတကာ) ဇွန် ၆

     ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော စိန့်ပီတာစဘတ် (Saint Petersburg) ၌ သုံးရက်ကြာ ကျင်းပခဲ့သည့် နိုင်ငံ တကာ စီးပွားရေးဖိုရမ်အပြီးတွင် ယူကရိန်းဘက်က ညပိုင်းတွင် အကြီးစား ဒရုန်းတိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့ရာ ရုရှားလေ ကြောင်း ကာကွယ်ရေးစနစ်က ယူကရိန်းဒရုန်း ၃၇၆ စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒေသခံပြည်သူများကို နေအိမ်ပြင်ပသို့ မထွက်ကြရန် သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။

     အဆိုပါ ဒရုန်းများကို စိန့်ပီတာစဘတ်၊ ခရိုင်းမီးယား အပါ အဝင် ဒေသနှင့် နယ်မြေ ၁၆ ခု၌ ပစ်ချခဲ့ခြင်းဖြစ်ပြီး၊ စိန့်ပီတာစဘတ်မြို့နှင့် ဘောလ်တစ်ဆိပ်ကမ်းများ ပါဝင်သော လီနင်ဂရက် (Leningrad) ဒေသတစ်ခုတည်း၌တင် ဒရုန်း ၈၆ စင်းအထိ ပစ်ချခဲ့ရကြောင်း ဒေသခံအုပ်ချုပ်ရေးမှူးက ဆိုသည်။

     ယူကရိန်းသမ္မတ ဗိုလိုဒီမီရီ ဇလန်းစကီးကလည်း ၎င်းတို့၏ ဒရုန်းများသည် ရုရှားရေတပ် လက်နက်တိုက်များနှင့် ခရွန်စတတ် (Kronstadt) အခြေစိုက်စခန်းရှိရာ ကီလို မီတာ ၁,၀၀0 ခန့်အထိ ပျံသန်းတိုက်ခိုက်နိုင်ခဲ့ကြောင်းနှင့် ကရာစနိုဒါ (Krasnodar) ဒေသရှိ ရေနံသို လှောင်ရုံတစ်ခုကိုလည်း ထိမှန်ခဲ့ကြောင်း X လူမှုကွန်ရက်တွင် အတည်ပြုခဲ့သည်။ “ရုရှားအနေနဲ့ ဒီစစ်ပွဲကို အဆုံးသတ်ရပါမယ်။ ယူကရိန်းအပေါ် မတရားလုပ် ဆောင်မှု မှန်သမျှဟာ ထိုက်တန်တဲ့ တုံ့ပြန်မှု ရပါလိမ့်မယ်” ဟု ဇလန်းစကီးက ထည့်သွင်းပြောကြားခဲ့သည်။



     နိုင်ငံပေါင်း ၁၃၀ ကျော်မှ ဧည့်သည်တော် ၂၀,၀၀၀ ခန့် တက်ရောက်ခဲ့သည့် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF)ပြီးဆုံးချိန်တွင် ယခုကဲ့သို့ စစ်ရေးအရ အပြန် အလှန် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းဖြစ်သည်။ ပြီးခဲ့သည့် ကြာသပတေးနေ့က ယူကရိန်းသမ္မတ ဇလန်းစကီးက စစ်ပွဲအဆုံးသတ်ရန်အတွက် ရုရှားသမ္မတ ဗလာဒီမီရီ ပူတင်ထံ တိုက်ရိုက်တွေ့ဆုံဆွေးနွေးရန် ထူးထူးခြားခြား ကမ်းလှမ်းခဲ့သော်လည်း၊ ပူတင်က ထိုသို့တွေ့ဆုံရန် “အကြောင်းမရှိ” ဟု ပယ်ချခဲ့သည်။

     သမ္မတပူတင်က စီးပွားရေးဖိုရမ်အတွင်း မိန့်ခွန်းပြောကြားရာ၌ “ယူကရိန်းဘက်က ကျွန်တော်တို့ စစ်တပ်တွေရဲ့ ရှေ့တိုးလာမှုကို ရပ်တန့်စေဖို့အတွက်ပဲ ဒီဆွေးနွေးပွဲက အဓိပ္ပာယ်ရှိပါလိမ့်မယ်။ အခုအချိန်မှာ ကျွမ်းကျင်သူတွေကိုပဲ အလုပ်လုပ်ခွင့်ပေးပြီး ဖြေရှင်းချက်တွေ ဖော်ထုတ်ခိုင်းရပါမယ်” ဟု ဆိုကာ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်။

     လက်ရှိတွင် နှစ်ဖက်စလုံး၏ စစ်ပွဲအဆုံးသတ်ရေး ရပ် တည်ချက်များသည် လုံးဝဆန့်ကျင်ဘက် ဖြစ်နေဆဲဖြစ် သည်။ မော်စကိုဘက်က သိမ်းပိုက်ထားသည့် ယူကရိန်းပိုင်နက်များကို ဆက် လက်ထိန်းသိမ်းထားမှသာ စစ်ပွဲရပ်မည်ဟု ဆိုသော်လည်း၊ ကိဗ်ဘက်ကမူ ၎င်းတို့၏ နယ်မြေအားလုံးကို ပြန်လည်ရရှိမှသာ သဘောတူညီချက်ကို လက်ခံမည်ဖြစ်ကြောင်း သိရသည်။

     ထို့ပြင် ယူကရိန်းအတွင်းပိုင်း၌လည်း ရုရှား၏ ဒရုန်းနှင့် အမြောက်တိုက်ခိုက်မှုများကြောင့် ဇာပိုရီဇီးယားနှင့် ဒီနီပရိုပက်ထရော့ဗ်ဒေသတို့တွင် အရပ်သားသေဆုံးမှုများ ရှိခဲ့ကြောင်း ယူကရိန်းအာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။

Telegram»…
https://t.me/positiveanglenews

#PAN