
(နိုင်ငံတကာ) ဇွန် ၆
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ၎င်း၏ ယူကရိန်းသမ္မတရာထူးတူ ဗိုလိုဒီမာ ဇီလန်းစကီး၏ လူကိုယ်တိုင်တွေ့ ဆုံ၍ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးကြရန် ကမ်းလှမ်းချက်ကို ပယ်ချလိုက်ပြီး ယခုအချိန်တွင် ထိုသို့သော တွေ့ဆုံမှုမျိုး ပြုလုပ်ရန် အကြောင်းမရှိကြောင်း ပြောကြားခဲ့သည်။
သောကြာနေ့က စိန့်ပီတာစဘတ်မြို့တွင် ပြုလုပ်သည့် ရုရှား၏ ထိပ်တန်းစီးပွားရေးဖိုရမ်အတွင်း ပူတင်က ထိုသို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ယင်းမှာ ခေါင်းဆောင်နှစ်ဦး မျက်နှာ စုံညီတွေ့ဆုံကာ စစ်ပွဲအဆုံးသတ်ရေး အသေးစိတ်ညှိနှိုင်းကြရန် အလေးအနက် တောင်းဆိုထားသည့် ဇီလန်းစကီး၏ အိတ်ဖွင့်ပေးစာ ထွက်ပေါ်လာပြီး နောက်တစ်ရက်တွင် ဖြစ်သည်။
ရုရှားခေါင်းဆောင်အနေဖြင့် “ဒီစစ်ပွဲကနေ ထွက်ခွာမယ့်လမ်းကို လျှောက်လှမ်းဖို့ မကြောက်ရွံ့ပါနဲ့” ဟု တိုက်တွန်းထားသည့် ဇီလန်းစကီး၏စာသည် အချို့နေရာများတွင် ရိုင်းစိုင်းပြီး ရိုးသားမှုရှိသည်ဟု မိမိ မထင်ကြောင်း ပူတင်က ပြောဆိုခဲ့သည်။
ယူကရိန်းခေါင်းဆောင်နှင့် တွေ့ဆုံမည်လားဟု မေးမြန်းရာတွင် ပူတင်က “လောလောဆယ်တော့ ဘာအကြောင်းမှ မရှိသေးဘူးလို့ မြင်ပါတယ်။ ယူကရိန်းဘက်က ကျွန်တော်တို့ လက် နက်ကိုင်တပ်ဖွဲ့တွေရဲ့ ရှေ့တိုးလာမှုကို ရပ်တန့်ဖို့ပဲ အဓိပ္ပာယ်ရှိပါလိမ့်မယ်။ အရင်ဆုံး ကျွမ်းကျင်သူတွေကို အလုပ်လုပ်ပါစေ၊ ဖြေရှင်းချက်အချို့ ထုတ်ပြန်ပါစေ၊ အဲဒီနောက်မှ ကျွန်တော်တို့ တွေ့ဆုံနိုင်မှာပါ” ဟု ဖြေကြားခဲ့သည်။
ဇီလန်းစကီးကလည်း သောကြာနေ့နှောင်းပိုင်းတွင် ဗီဒီယိုမိန့်ခွန်းမှတစ်ဆင့် ပြန်လည်တုံ့ပြန်ခဲ့ပြီး မိမိ၏ အဆို ပြုချက်ကို ပူတင်က ပယ်ချလိုက်ခြင်းသည် ကရင်မလင်အနေဖြင့် စစ်ပွဲကို အဆုံးသတ်လိုစိတ် မရှိဘဲ စစ်ပွဲကိုသာ နောက်တစ်ကြိမ် ထပ်မံရွေးချယ်လိုက်ခြင်းဖြစ်ကြောင်းနှင့် ဤအားနည်းသည့် တုံ့ပြန်မှုသည် ကမ္ဘာပေါ်က လူအများအပြားကို စိတ်ပျက်စေလိမ့်မည်ဟု ဆိုသည်။
ယခုအခါ ငါးနှစ်ထဲသို့ ရောက်ရှိလာပြီဖြစ်သည့် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးပွဲများသည် ရုရှားဘက်က ၎င်းတို့သိမ်းပိုက်ထားသည့် နယ်မြေများကို ဆက် လက်ထိန်းသိမ်းထားရန် တောင်းဆိုနေမှုနှင့် ကိယက်ဗ် (Kyiv)ဘက်က နယ်မြေပေးအပ်ရန် ငြင်းဆန်နေမှုတို့ကြောင့် အကြီးအကျယ် ရပ်တန့်နေခဲ့သည်။
နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဦး ဆောင်ပေးခဲ့သည့် အမေရိကန်ပြည်ထောင်စုက ၎င်း၏ အာရုံစိုက်မှုကို အီရန်စစ်ပွဲဘက်သို့ လွှဲပြောင်းလိုက်ခြင်းကြောင့် ကြားဝင်စေ့စပ်ရေး ကြိုးပမ်းမှုများသည် ပိုမိုထိခိုက်လာခဲ့ရာ ဇီလန်းစကီးက ၎င်း၏စာတွင် ဝါရှင်တန်ဘက်က ပြန် လည်ပါဝင်လာမည့်အချိန်ကိုပဲ ရိုးရိုးရှင်းရှင်း စောင့်ဆိုင်းနေခြင်းသည် မှားယွင်းလိမ့်မည်ဟု ဝန်ခံခဲ့သည်။
ပူတင်ကမူ ရုရှား၏ ရည်မှန်းချက်များ ပြည့်မှီသည့် အချိန်တွင်သာ ပဋိပက္ခသည် ရပ်တန့်သွားမည်ဟူသော ၎င်း၏ ရပ် တည်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်။
ထို့ပြင် စစ်ပွဲကုန်ကျစရိတ်ကြောင့် စီးပွားရေးပျက်ပြားနေ သည်ဟူသော ဝေဖန်ချက်များကို ငြင်းဆိုခဲ့ပြီး၊ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်တွင် ရုရှားစီးပွားရေး ၀.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ရုရှားသည် “အချုပ်အခြာအာဏာပိုင်” သော စီးပွား ရေးကိုသာ ဆက်လက်ဖော်ဆောင်နေကြောင်း မှတ်ချက်ပြုခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN