ရွှေကုက္ကိုလ်နှိမ်နင်းမှုအတွင်း တရားမဝင် ၃ ထပ်အဆောက် အအုံ ၃ လုံး ထပ်မံဖြိုဖျက်၊ ဖြိုဖျက်ပြီးစီးမှု ၃၆ လုံးအထိ ရှိလာ

(ပြည်တွင်း)ဇွန် ၆

     ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသအတွင်း အွန်လိုင်းငွေလိမ်လည်မှု (Online Scam) နှင့် လောင်းကစားလုပ် ငန်းများနှင့် ဆက်စပ်နေသည့် တရားမဝင်အဆောက်အအုံများကို အမြစ်ပြတ်ရှင်းလင်းရေး စီမံချက်အရ မနေ့က (ဇွန် ၅ ရက်) တွင် ၃ ထပ်အဆောက်အအုံ ၃ လုံးကို အာဏာပိုင်များက ထပ်မံဖြိုဖျက်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။

     အဆိုပါ ဖြိုဖျက်မှုသည် ရွှေကုက္ကိုလ်နှင့် ကေကေပတ်ခ် (KK Park) နယ်မြေများအတွင်း တရားမဝင်ဆောက်လုပ်ထားသဖြင့် ဖြိုဖျက်ရန် သတ်မှတ်ထားသည့် အဆောက် အအုံ ၇၇ လုံးအနက်မှ ဖြစ်သည်။

     ယခု ၃ ထပ်အဆောက်အအုံ ၃ လုံးကို ထပ်မံရှင်းလင်းခဲ့ပြီးနောက် လက်ရှိအချိန်အထိ ဖြိုဖျက်ပြီးစီးသွားသည့် တရားမဝင်အဆောက်အအုံ စုစုပေါင်း ၃၆ လုံး ရှိလာခဲ့ပြီဖြစ်ကာ ဖြိုဖျက်ရန် ကျန်ရှိနေသေးသည့် အဆောက်အအုံ ၄၁ လုံးကိုလည်း အစီ အစဉ်အတိုင်း ဆက်လက်ဖြိုဖျက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယခုကဲ့သို့ အဆောက်အအုံများကို အင်တိုက်အားတိုက် ဖြို ဖျက်ရှင်းလင်းရခြင်းမှာ အွန်လိုင်းငွေလိမ်လည်မှုဂိုဏ်းများနှင့် ကျားဖြန့်လုပ်ငန်းများ ရွှေကုက္ကိုလ်ဒေသအတွင်း နောက်တစ်ကြိမ် ပြန်လည်အခြေစိုက် အခြေချလာနိုင်ခြင်း မရှိစေရန် ကာကွယ်တားဆီးဖို့ ရည်ရွယ်ခြင်းဖြစ်သည်။

     ထို့ပြင် ဤနှိမ်နင်းရေးလုပ်ငန်းစဉ်သည် ပြည်တွင်းနှင့် ဒေသတွင်းရှိ သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ပိုမိုကျယ်ပြန့်သော ကျားဖြန့်/အွန်လိုင်းအလိမ်အညာ နှိမ်နင်းရေး အစီအမံများ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN