တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ

(လွှတ်တော်) ဇွန် ၃

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၃ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀ နာရီတွင် အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း၊ အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း၊ ဒုတိယနေ့ အစီအစဉ်များ ကြေညာခြင်းတို့ ပြုလုပ်ခဲ့သည်။ ထို့ပြင် မတက်ရောက်နိုင်သည့် ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် တက်ရောက်မှုအခြေအနေများကို အတည်ပြုမှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ကြယ်ပွင့်ပြထားသည့် မေးခွန်းများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခဲ့ကြပြီး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ဦးအောင်ချစ်လွင် (စစ်ကိုင်းတိုင်းဒေသကြီး၊ အမှတ်(၂)) က စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ရှိ ဆိုလာဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မီတာခများ လျှော့ပေါ့ကောက်ခံရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။ ထို့အပြင် အင်တောမြို့နယ်၊ ကျောက်ဂူကျေးရွာအုပ်စုရှိ ဆီဆုံဂနိုင်၊ စံပယ်ကုန်း၊ တောင်သူကုန်းနှင့် တောင်ထိပ် ကျေးရွာများသို့ လျှပ်စစ်မီး သွယ်တန်းပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း၍ လည်းကောင်း ဦးဇော်ဇော်မြင့် ရခိုင်ပြည်နယ်၊ အမှတ်(၁၁) က ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် (၂၄)နာရီ လျှပ်စစ်မီး ရရှိရေးအတွက် ဓာတ်အားပြင်ပစနစ် (OFF Grid)ဖြင့် နေစွမ်းအင်သုံးစီမံကိန်း (Solar Power Project) ကဲ့သို့ စီမံကိန်းတစ်ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်တွင် လမ်းမီးများအား နေရောင်ခြည်စွမ်းအင်သုံး (Solar Power System) ဖြင့် လျှပ်စစ်မီး တပ်ဆင် ပေးသွားနိုင်ရေး အစီအစဉ် ရှိ/မရှိဆက်လက်မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာဝန်ကြီးဌာနများက ပြန်လည်ဖြေကြားခဲ့ကြသည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့ပြင် ကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အမည်စာရင်းနှင့် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဘက်မှလည်း အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းခဲ့ကြောင်း သိရသည်။ ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခဲ့ပြီး အစည်းအဝေးကို ဒုတိယနေ့ကို ရပ်နားခဲ့ကြောင်း သိရသည်။

#PAN