ပါကစ္စတန်မှ ပြန်လာသည့် အာဖဂန်ဒုက္ခသည်များ တင် ဆောင်လာသော ကုန်တင်ကားတစ်စင်း အဝေးပြေးလမ်းမပေါ်တွင် တိမ်းမှောက်၊ ကလေးငယ် ၁၀ ဦးအပါအဝင် ၁၈ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရ

(နိုင်ငံတကာ)မေ ၃၁

     ပါကစ္စတန်နိုင်ငံကနေ မကြာသေးမီကမှ နေရပ်ပြန်လာကြတဲ့ အာဖဂန်ဒုက္ခသည် မိသားစုတွေကို တင်ဆောင်လာတဲ့ ကုန်တင်ကားတစ်စင်းဟာ အာဖဂန်နစ္စတန်အရှေ့ပိုင်း လဂ်မန် (Laghman) ပြည်နယ်၊ ကာဂါယီ (Qarghayi) ခရိုင်ရှိ အဝေးပြေးလမ်းမကြီးပေါ်မှာ တိမ်းမှောက်ခဲ့တာကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး ၃၀ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။

     အဆိုပါ မော်တော်ယာဉ်ဟာ ဒုက္ခသည်မိသားစုတွေနဲ့ ၎င်းတို့ရဲ့ အိမ်သုံးပစ္စည်းတွေကို အပြည့်အနှက် တင်ဆောင်ကာ ကူနာ (Kunar)ပြည်နယ်ကနေ မြို့တော်ကဘူးလ် (Kabul)သို့ မောင်းနှင်လာစဉ် စနေနေ့ နံနက် ၅:၃၀ နာရီခန့်မှာ ယာဉ်မောင်းဖြစ်သူ အိပ်ငိုက်သွားခဲ့တာကြောင့် လမ်းဘေးမြောင်းထဲသို့ ထိုးကျတိမ်းမှောက်ခဲ့တာဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနက အတည် ပြုပါတယ်။

     သေဆုံးသူ ၁၈ ဦးအနက် ကလေးငယ် ၁၀ ဦး ပါဝင်နေပြီး ဒဏ်ရာရရှိသူ ၃၀ ကျော်ကိုတော့ အနီးနားရှိ နန်ဂါဟာ (Nangarhar) ပြည်နယ် ဆေးရုံများသို့ အရေးပေါ် ပို့ဆောင်ထားရကာ အချို့မှာ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးကုသမှု ခံယူနေရပါတယ်။

     တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ် က ယခုအဖြစ်ဆိုးအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ထိခိုက်ခံစားရသူတွေအတွက် ဆုတောင်းမေတ္တာပို့သကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က ထိခိုက်မိသားစုများအတွက် အရေးပေါ်ငွေကြေးထောက်ပံ့မှုအဖြစ် အာဖဂန်နီ ၇၃၀,၀၀0 (အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ခန့်) ပေးအပ်သွားမယ်လို့ ကြေညာထားပါတယ်။

     အာဖဂန်နစ္စတန်နိုင်ငံမှာ ရေရှည်စစ်ပွဲဒဏ်တွေကြောင့် လမ်း ပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေ ပျက်စီးနေခြင်း၊ ယာဉ်စည်းကမ်းအားနည်းခြင်းတို့ကြောင့် ယခုကဲ့သို့ လူသေဆုံးမှုများပြားတဲ့ ယာဉ်မတော်တဆမှုတွေဟာ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

     ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းများအရ ပါကစ္စတန်အစိုးရရဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအပေါ် ဖမ်းဆီးနှိမ်နင်းမှုများကြောင့် ယခုနှစ်အတွင်းတင် အာဖဂန်နိုင်ငံသား ၄၄၇,၀၀၀ ကျော် နေရပ်ပြန်ခဲ့ကြရပြီး၊ အတင်းအကျပ် နှင် ထုတ်မှုများကြောင့် ဒုက္ခသည်မိသားစုအများအပြားဟာ ဘေးအန္တရာယ်များလှတဲ့ သုန်မှုန်ကျပ်ညှပ်နေတဲ့ ကုန်တင်ကားကြီးတွေကိုသာ အား ကိုးပြီး သွားလာနေကြရကြောင်း နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များက ထောက်ပြဝေဖန်ထားကြပါတယ်။

Telegram»…
https://t.me/positiveanglenews

#PAN