ဒီဇင်ဘာလကုန်အထိ သစ်လွင်သူနာပြု ၂,၁၀၀ ကျော် ခန့်အပ်ရန် ကျန်းမာရေးဝန်ကြီးဌာန စီစဉ်

(ကျန်းမာရေး) နိုဝင်ဘာ ၅

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလကုန်အထိ သစ်လွင်သူနာပြု ၂,၁၀၀ ကျော်ကို ခန့်အပ်ရန် စီစဉ်ထားကြောင်း သိရသည်။

သစ်လွင်သူနာပြုများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးအပ်ပွဲကို နိုဝင်ဘာ ၃ ရက်က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ရာ သူနာပြုတက္ကသိုလ် (ရန်ကုန်) မှ သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) အောင်မြင်သူ ၂၈၃ ဦးနှင့် သူနာပြုတက္ကသိုလ် (မန္တလေး) မှ အောင်မြင်သူ ၁၇၉ ဦး၊ စုစုပေါင်း ၄၆၂ ဦးကို နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သူနာပြုများ၏ လုပ်ငန်းခွင်အဆင်ပြေစေရေးအတွက် နေထိုင်ရန် အဆောက်အအုံများ ဆောက်လုပ်ပေးခြင်း၊ ရရှိထားသည့် ပညာအရည်အချင်းအလိုက် ထောက်ပံ့ကြေးများပေးအပ်ခြင်းနှင့် ရာထူးအဆင့်ဆင့်အလိုက် လစာနှုန်းထားများ တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် သူနာပြုများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး (Capacity Building) အတွက် သင်တန်းများလည်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။