မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၂၈ ဦး ဖမ်းဆီးရမိ

(မှုခင်း) မေ ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများနှင့် မြန်မာနိုင်ငံသား စုစုပေါင်း ၂၈ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေးပူးပေါင်းအဖွဲ့များသည် မူဆယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြောင်း သတင်းအရ ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါဖမ်းဆီးမှုကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများမှာ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂၀ ဦး စုစုပေါင်း အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၂၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့ထံမှ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၉၆ လုံး၊ All In One ကွန်ပျူတာ ၃၅ လုံး၊ Laptop ၁ လုံး၊ Power Station (အကြီး) ၁ လုံး၊ Power Station (အသေး) ၁ လုံး၊ WiFi စက် ၃ လုံးနှင့် ဘတ္ထရီဆိုင်ကယ် ၅ စီးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ပြီးနောက် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆက်လက်တိုက်ဖျက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။